မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်
2013.07.31
ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတာ ၃ ရက်ရှိပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ မှာ ရေဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမယ့် ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။
မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန် စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ် အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။
အခုလို မိုးကြီးတဲ့ ကာလတွေမှာဆို ရေကာတာကျိုးမှာ စိုးတဲ့အတွက် ဆည်ဖောက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှု ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ သောက်သုံးရေရှားပါးလာတဲ့ အပြင်၊ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘဲ၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီ-ကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားလာရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
မြဝတီမြို့ တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ရေဘေးဒဏ် ကယ်ဆယ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မခင်ပြည့်စုံရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။