သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝင်းရံ ထောင်နှစ်နှစ် ချမှတ်ခံရ

2022.01.03
သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝင်းရံ ထောင်နှစ်နှစ် ချမှတ်ခံရ သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံ ကို တွေ့ရစဉ်
ဓာတ်ပုံ - မမြဝန်းရံ - ဖေ့စ်ဘွတ်

ရှမ်းပြည်တောင်ပိုင်းအခြေစိုက် သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံကို ညောင်ရွှေ တောင်လေးလုံး အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၃၀ ရက်က ထောင် နှစ်နှစ် ချမှတ်ခံလိုက်ရတယ်လို့ အဲဒီသတင်းဌာနက ပြောပါတယ်။

မမြဝန်းရံဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၀ ရက် ညနေပိုင်းက သူ့နေအိမ်မှာရှိနေတုန်း ဖမ်းဆီးခံခဲ့ရကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲခံထားရပြီး ခြောက်လ အကြာမှာ အခုလို အမိန့်ချခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် ရှမ်းပြည်နယ်မှာ သတင်းထောက် ခြောက်ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ကမ္ဘောဇတိုင်းမ် သတင်းဌာနက အယ်ဒီတာနဲ့ သတင်းထောက် သုံးဦးနဲ့အတူ မိသားစုဝင်တစ်ဦး စုစုပေါင်း လေးဦးကို တောင်လေးလုံးအကျဉ်းထောင်က ဒီဇင်ဘာ ၁၀ ရက်က ထောင်သုံးနှစ် ချမှတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနရဲ့ ရုပ်သံသတင်းထောက် လွေးအမ်ဖောင် ကတော့ ရုံးချိန်း ဆယ်ကြိမ် ရှိနေပြီး အမိန့်ချမှတ်မခံရသေးပါဘူး။

ဒီလို သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည် အခြေစိုက် သတင်းမီဒီယာ ခုနှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာ မဟာမိတ်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ကို ဇန်နဝါရီ နှစ်ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။