မြစ်ဆုံစီမံကိန်းဒေသကို ကော်မရှင် ကွင်းဆင်းစစ်ဆေး


2016.09.16
myitsone-commission-620.jpg မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ အောင်မြင်သာကျေးရွာက တန်ဖရဲ အခြေခံပညာ အထက်တန်းကျောင်းခွဲကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မြစ်ဆုံစိစစ်ရေးကော်မရှင် သွားရောက်လေ့လာစဉ်
Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ မေခ-မလိခ မြစ်ဆုံဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေ့နေထိုင်နေရတဲ့ ဒေသခံရွာသားတချို့ကို တွေ့ ဆုံမေးမြန်းခဲ့ပြီး မြစ်ဆုံစီမံကိန်းကြောင့် အဲဒီရွာကို ပြောင်းရွှေ့ခံထားရတဲ့ တန်ဖရဲ အခြေခံပညာ အထက် တန်းကျောင်းခွဲကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ကော်မရှင်ဟာ စီမံကိန်းလုပ်ခွင့်ရထားတဲ့ CPI ကုမ္ပဏီတစ်ဖြစ်လဲ လက်ရှိ SPIC ကုမ္ပဏီရဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း ဧရိယာထဲကို အချိန်အတန်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီကနေ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မလိယန်ကျေးရွာကို သွားရောက်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် ဒေါင်ပန်၊ ခပ္ပါး၊ အောင်ဂျာယန် စတဲ့ ကျေးရွာတွေကနေ မလိယန်ကျေးရွာမှာ လာရောက်နေထိုင်နေကြရတဲ့ ရွာသားတွေနဲ့လည်း ကော်မရှင်အဖွဲ့ဟာ သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲ့ဒီခရီးစဉ်အတွင်းမှာပဲ ပြည်နယ်ဝန်ကြီးချုပ် နဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌတို့ကို လိပ်မူပြီး စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ ရွာသား တွေက ကော်မရှင်ကို အောင်မြင်သာကျေးရွာမှာ လာရောက်တွေ့ဆုံပေးဖို့ စာပေးပို့ တောင်းဆိုလိုက် ပါတယ်။

မြစ်ဆုံစိစစ်ရေးကော်မရှင်ဟာ မနက်ဖြန်မှာ ရာသီဥတု အခြေအနေကောင်းရင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ ဒေသနဲ့ ချီဖွေဒေသတွေဘက်ကို ရဟတ်ယာဉ် နဲ့ သွားရောက်လေ့လာမှာဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့မှာ လူထုနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။