မြစ်ဆုံ အပြီးသတ်ရပ်ဆိုင်းရေး ဒေသခံ ထောင်နဲ့ချီ ဆန္ဒပြ


2019.02.07
myitsone-protest1.jpg

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Elizabeth/RFA

myitsone-protest2.jpg

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Elizabeth/RFA

myitsone-protest3.jpg

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Elizabeth/RFA

myitsone-protest4.jpg

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Elizabeth/RFA

ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံ ထောင်နဲ့ချီပြီး မြစ်ကြီးနားမြို့ မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

မြစ်ဆုံ စီမံကိန်းအတွင်းက ဒေသခံတွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ပြည်သူတစ်သောင်းခန့်ဟာ စီတာပူရပ်ကွက် မနောင်ကွင်းကနေ မြစ်ကြီးနားမြို့အတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေ ကန့်ကွက်ခဲ့ပေမဲ့ အစိုးရအနေနဲ့ အသိအမှတ်ပြုပေးမှုမရှိတာ၊ မြစ်ဆုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်တာ မရှိဘူးဆိုပြီး တရုတ်သံရုံးထုတ်ပြန်ချက်ကို လက်မခံနိုင်ဘဲ မြစ်ဆုံစီမံကိန်းထာဝရ ရပ်ဆိုင်းရေးအတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကို အပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မယ့် တရုတ် CPI /SPIC ကုမ္ပဏီအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိန်းသိမ်းဖို့နဲ့ ပြည်သူတွေရဲ့ သဘောထားကို လေးစားတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်း တည်ဆောက်မဲ့ အစီအစဉ်ကို စွန့်လွှတ်ပေးဖို့ တိုက်တွန်းကြောင်းလည်း သဘောထားထုတ်ပြန်ထားပါတယ်။

ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဆန္ဒပြပွဲမှာ ပါဝင်ရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"မြစ်ဆုံရေကာတာကို ထာဝရ ရပ်ဆိုင်းရေးအတွက်ဖြစ်ပါတယ်၊ နိုင်ထက်စီးနင်းလုပ်တယ်လို့ ခံစားရတယ်၊ သူတို့အလိုကျအတိုင်းပဲ လိုက်လျောနေတဲ့ပုံမျိုးဖြစ်နေတယ်၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းရမယ်လို့ ပြောချင်ပါတယ်"

ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မန္တလေးကျောင်းတိုက်က အရှင်ပညာဝံသ ကလည်း အခုလို မိန့်ကြားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ပြောထားတာ ပြည်သူ့ဆန္ဒသဘောထားအတိုင်း ဖြစ်ရမယ်ဆိုတာ ပြည်သူ့ရဲ့ဆန္ဒက မြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်ဆိုတာ အင်နဲ့အားနဲ့ ပြသဖို့လိုပါတယ်၊ အဲဒါကြောင့်မို့ ဦးဇင်းက ပါဝင်တက်ရောက်လာခြင်းဖြစ်ပါတယ်"

အစိုးရရဲ့ ပြည်သူလူထု အသံဆိုတဲ့အတိုင်း မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းပေးဖို့နဲ့ တရုတ်အနေနဲ့လည်း ပြည်သူလူထုအသံကိုနားထောင်ပြီး လက်လျော့ဖို့သင့်ပြီလို့ အောင်မြင်သာငွေပျော်စံပြကျေးရွာက ဒေါ်လုရာကပြောပါတယ်။

"မြစ်ဆုံဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးကြီးလည်း အဲဒါကို သိသင့်ပြီ တရုတ်အစိုးရကိုလည်း လက်လျော့ဖို့ပြောချင်တယ်၊ လက်ရှိအစိုးရကိုလည်း အစိုးရမဖြစ်ခင်တုံးက ပြည်သူလူထုရဲ့ အသံလို့ပြောခဲ့ပြီးမှ အခုအစိုးရဖြစ်လာတော့ တမျိုးဖြစ်လာတယ်၊ အဲဒါကြောင့်မို့ အစိုးရအနေနဲ့ ကတိကဝတ်တွေကို မပျက်ဘဲနဲ့ မြစ်ဆုံဆည်ကို ရာသက်ပန်ဖျက်သိမ်းပေးဖို့ တောင်းဆိုချင်တယ်"

အခုလို ပြည်သူလူထုတွေ ကန့်ကွက် ဆန္ဒပြတောင်းဆိုတာကို အစိုးရအနေနဲ့ အသိအမှတ်မပြုဘဲ ဆက်လုပ်မယ်ဆိုရင် ဒီထက်ကြီးမားတဲ့ ကန့်ကွက်မှုတွေ ဆက်လုပ်သွားမယ်လို့ မလိယန် ဒေသခံ ဦးမုန်ရာက ပြောပါတယ်။

"တရုတ်ကုမ္ပဏီအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးကို အဓိကထားပြီးတော့မှ ဆည်စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးဖို့ အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်၊ မရပ်နားဘဲ စီမံကိန်းကို ဆက်လုပ်နေမယ်ဆိုရင် ပိုပြီးတော့မှ ပြင်းထန်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ဆက်လုပ်သွားဖို့ရှိပါတယ်"

မြစ်ဆုံစီမံကိန်းကို ဒေသခံ တိုင်းရင်းသားပြည်သူတွေက  ဆန့်ကျင်ကန့်ကွက်တာမရှိပဲ ပြည်ပကသူတွေနဲ့ အဖွဲ့အစည်းတချို့ကသာ ကန့်ကွက်ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်လိုက်တာကြောင့်လည်း ဒေသခံတွေ အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်လို့ မြစ်ဆုံဒေသခံ ဒေါ်ဂျာခေါန် ကပြောပါတယ်။

"တရုတ်သံအမတ်အနေနဲ့ ကျွန်မတို့ ဒေသခံတွေ မကန့်ကွက်ဘူးပေါ့၊ ပြောချင်ကတော့ သူတို့ ကျွန်မတို့ကို သတိမထားမိသလားပေါ့နော်၊ ဒီလိုပဲ ဆန္ဒပြပွဲအကြီးကြီးလုပ်မှ သူတို့မြင်မလားပေါ့နော်၊ အဲဒါကြောင့်မိုလည်း ဆန္ဒဖြစ်ရတာဖြစ်ပါတယ်၊ နောက်ပြီးတော့လည်း ကျွန်မတို့ရဲ့ ကချင်လူထုတွေရဲ့ အားပေးတဲ့ စကားတစ်ခု လည်းဖြစ်သွားပါတယ်"

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေရှိတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်ဆိုင်းထားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။