ကရင့်အာဇာနည်နေ့ အစီအစဉ် ဦးဆောင်သူ လူငယ် နှစ်ဦး အဖမ်းခံ


2019.09.17
naw-ohnhla-karen-622.jpg စောအဲလ်ဘက်ချို၊ နော်အုန်းလှနဲ့ စသိန်းဇော်မင်း(ယာစွန်)တို့ကို ကျောက်တံတားရုံးမြို့နယ် တရားရုံးမှာ ၂၀၁၉ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Sa Aung Kyaw Kyaw
ငြိမ်းစုစီဥပဒေနဲ့ တရားစွဲခံထားရတဲ့ ကရင့်အာဇာနည်နေ့ အစီအစဉ်ကို ရန်ကုန်မှာ ဦးဆောင်ပြုလုပ်ခဲ့သူ ကရင်လူငယ် နှစ်ဦးဟာ ဒီနေ့ သူတို့အမှုကို စစ်ဆေးတဲ့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းကို သွားရောက်ပြီး အာမခံမယူဘဲ အချုပ်ကျခံခဲ့ပါတယ်။

သူတို့နှစ်ဦးကတော့ စောအဲလ်ဘက်ချို၊ စသိန်းဇော်မင်းတို့ ဖြစ်ပါတယ်။ သူတို့က ဒီနေ့မှ စတင်ထိန်းသိမ်းခံရတာ ဖြစ်ပေမယ့် သူတို့ရဲ့ အမှုတွဲဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ ခေါင်းဆောင် နော်အုန်းလှကတော့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက အထိန်းသိမ်းခံလိုက်ရတာပါ။

ဒါကြောင့် ဒီကနေ့ တရားရုံး ရုံးချိန်းအပြီးမှာ သူတို့ သုံးဦးစလုံးကို အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းနေထူးက RFA ကို ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပတာဖြစ်တာကြောင့် လာမယ့် တရားရုံးချိန်းတွေမှာ စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားသွားမှာမဟုတ်ကြောင်း တရားစွဲခံရသူတွေက ပြောဆို ခဲ့တယ်လို့လည်း ဦးမင်းနေထူးက ဆိုပါတယ်။ နောက်တစ်ကြိမ် ရုံးချိန်းကတော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ ဖြစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တားမြစ်ခဲ့ပါတယ်။

ကရင့်အာဇာနည်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျင်းပခဲ့တာကြောင့် ဦးဆောင်သူ သုံးဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပသူတွေကို ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲထားတာကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးခံနေရသူကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ အလားတူ ပြည်တွင်း၊ ကရင်တိုင်းရင်းသား အဖွဲ့အစည်းတချို့ကလည်း တရားစွဲထားတာကို ကန့်ကွက်ကြောင်းနဲ့ အမှုပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားကြပါတယ်။

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ကတော့ ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ အခမ်းအနား မကျင်းပဖို့ ဆိုတဲ့ ညွှန်ကြားချက်ဟာ ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း RFA ကို သြဂုတ်လ ၁၂ ရက်နေ့က ပြောထားပါတယ်။

ဒီလိုကန့်သတ်ချက်ကို ကရင်တိုင်းရင်းသား အများအပြားနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးတို့မှာ ဒီနှစ် တွေ့ခဲ့ပေမယ့် ကရင်ပြည်နယ်အပါအဝင် မြန်မာပြည်တောင်ပိုင်း ဒေသတွေမှာတော့ မတွေ့ခဲ့ရပါဘူး။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နော်အုန်းလှအပါအဝင် သုံးဦးကို တရားစွဲထားတာဟာ ကရင့်အာဇာနည်နေ့ ကျင်းပတာကြောင့်မဟုတ်ဘဲ ငြိမ်းစုစီဥပဒေကို ချိုးဖောက်တာကြောင့်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တာဖြစ်ပြီး အဲဒီနေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

ကရင့်အာဇာနည်နေ့ အစီအစဉ်ကို ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လှုပ်ရှားတဲ့ နယ်မြေတွေမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်မှာတော့ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။