ကရင့်အာဇာနည်နေ့ ဦးဆောင်သူ သုံးဦးကို ထောင် ၁၅ ရက်ချမှတ်


2019.10.02
naw-ohn-hla-622.jpg နော်အုန်းလှကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ၂၀၁၉ အောက်တိုဘာ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပရာမှာ တားမြစ်ထားတဲ့ စကားလုံး အသုံးပြုခဲ့တဲ့အတွက် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်အုန်းလှ အပါအဝင် ကရင် လူငယ် နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ကျခံဖို့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီကနေ့ အမိန့် ချမှတ်လိုက်ပါတယ်။

နော်အုန်းလှ တို့ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ ထောင်ဒဏ် အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ကရင်တိုင်းသားတစ်ဦးကို ထိခိုက်လိုက်တာဟာ ကရင်တစ်မျိုးသားလုံးကို ထိသလိုပဲလို့ ဖြစ်တယ်လို့ ဒီနေ့ တရားရုံးက အထွက်မှာ  ပြောပါတယ်။

အမိန့်ချမှတ်ခံလိုက်ရတဲ့ နော်အုန်းလှက ထောင်ချုပ်နဲ့ ၂၂ ရက် အမှုရင်ဆိုင်လာခဲ့တဲ့အတွက် ရက် ခုနှစ်ရက်ပိုသွားကြောင်း၊ ဒီနေ့တရားရုံးက အမိန့်ချလိုက်ပေမယ့် သူတို့အနေနဲ့ အပြစ်မရှိကြောင်း တရားရုံးထုတ်အပြီးမှာ ပြောပါတယ်။

ဒီနေ့တရားရုံးထုတ်ကို လာရောက်ကြတဲ့ ဝန်းရံသူ ၅၀၀ နီးပါးလောက် လာရောက်ခဲ့ပြီး နော်အုန်းလှတို့ သုံးဦး အပါအဝင် ဝန်းရံသူတွေဟာ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေး ကြွေးကြော်သံတွေနဲ့ တရားရုံး အမိန့်ချအပြီးမှာ ကျောက်တံတားမြို့နယ် တရားရုံးကနေ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ခဲ့ကြပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ကရင့်အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တားမြစ်ခဲ့တာကို ကရင့်အာဇာနည်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျင်းပခဲ့တာကြောင့် ဦးဆောင်သူ သုံးဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နော်အုန်းလှတို့ သုံးဦးကို ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်လိုက်တဲ့အတွက် ဒီနေ့ညနေပိုင်းမှာလည်း မြို့တော်ခန်းမရှေ့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာပဲ နော်အုန်းလှက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ ကရင်တစ်မျိုးသားလုံးကို စော်ကားလိုက်တာ ဖြစ်တယ်လို့ ညနေပိုင်းအခမ်းအနားမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ ခေါင်းဆောင် နော်အုန်းလှက ပြောပါတယ်။

ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ မကျင်းပရဘူးဆိုတဲ့ ညွှန်ကြားချက်ဟာလည်း ပြည်ထောင်စုအဆင့် ညွှန်ကြားချက် မဟုတ်ဘဲ တိုင်းအစိုးရကသာ ကိုယ်တိုင်ဆောင်ရွက်တာ ဖြစ်တယ်လို့ နေပြည်တော်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကရင်အာဇာနည်နေ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ မကျင်းပဖို့ ညွှန်ကြားခဲ့ပေမယ့် ကရင်ပြည်နယ်မှာတော့ ကျင်းပခွင့် ရခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့သူ သုံးဦးထဲက ကိုစောအဲလ်ဘက်ချိုက ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကို ကန့်ကွက်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုနေမျိုးထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။