အထိန်းသိမ်းခံရတဲ့ နော်အုန်းလှ အာမခံလျှောက်ဖို့ ငြင်းပယ်
2019.09.10

အထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်အုန်းလှကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ရာမှာ သူက အာမခံ လျှောက်ထားခြင်း မရှိဘဲ အချုပ်ကျခံခဲ့ပါတယ်။
မကြာသေးခင်က ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မှာ ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သူ နော်အုံးလှကို တရားရုံးက အာမခံလျှောက်ထားခွင့်ရှိကြောင်း ပြောပေမယ့် သူက ငြင်းပယ်ခဲ့တယ်လို့ အာမခံ မယူဘဲ အချုပ်ကျခံခဲ့တာဖြစ်ကြောင်း သူတို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းနေထူး က RFA ကို ပြောပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက် ပြီး အာဇာနည်ဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့က ကရင့်အာဇာနည်နေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျင်းပခဲ့တာပါ။ အဲဒီနောက် ကျောက်တံတားရဲစခန်းက နော်အုန်းလှနဲ့ လူငယ် နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းခေါ်ယူထားပါတယ်။
ကရင်အာဇာနည်နေ့ ကျင်းပသူတွေကို အရေးယူတာဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတာကြောင့် ပြန်ရုပ်သိမ်းဖို့ KNU ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ KNU Concerned Group ကို ဦးဆောင်နေတဲ့ နော်စီဖိုးရာစိန်က တောင်းဆိုထားပါတယ်။
အလားတူ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO အဖွဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတာကြောင့် ဒီလိုအရေးယူမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီလိုကန့်သတ်ချက်ကို ကရင်တိုင်းရင်းသား အများအပြားနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး တို့မှာ ဒီနှစ်တွေ့ခဲ့ပေမယ့် ကရင်ပြည်နယ်အပါအဝင် မြန်မာပြည်တောင်ပိုင်းဒေသတွေမှာတော့ မတွေ့ခဲ့ရပါဘူး။
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ကတော့ ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ အခမ်းအနား မကျင်းပဖို့ ညွှန်ကြားတာဟာ ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်မဟုတ်ဘဲ သက်ဆိုင် ရာ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း RFA ကို သြဂုတ်လ ၁၂ ရက်နေ့က ပြောထားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)