ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေသူ နော်အုန်းလှ ကျန်းမာရေးစစ်ဆေးဖို့ ငြင်းဆန်


2016.01.09
nawohnhla-620 နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ နော်အုန်းလှဟာ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတာ ၅ ရက်မြောက်ရှိနေပြီဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစစ်ဆေးမှုကို လက်မခံဘူးလို့ သိရပါတယ်။

လက်ရှိအချိန်ထိ ကျန်းမာရေးဆိုးဆိုးဝါးဝါးမရှိသေးဘူးလို့ ဒီဇင်ဘာလ ၈ ရက်နေ့ မနေ့က ထောင်ဝင်စာသွားတွေ့ ခဲ့တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုမင်းနေထူးက ပြောပါတယ်။

"ကျန်းမာရေးအခြေအနေကတော့ မနေ့ကအထိတော့ ကောင်းနေတယ်ခင်ဗျ၊ အဓိကတော့ ဘာမှမဖြစ်သေးဘူး၊ မျက်တွင်းတွေကျနောတာတော့ ရှိနေတယ်ခင်ဗျနော်၊ ဆရာဝန်တွေ လာကြည်နေတာတော့ လာကြည့်နေတယ် ဒါပေမဲ့ သူက ဆရာဝန်တွေရဲ့ စမ်းသပ်တာတွေကိုတော့ လုံးဝမခံချင်ဘူး၊ ကုသမှုကိုလည်း မခံယူဘူးပေါ့နော်၊ ရေတောင်မသောက်တော့ဘူး"

ထောင်အာဏာပိုင်တွေက အစာငတ်ခံဆန္ဒပြနေတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတာတွေရှိပေ မယ့် နော်အုန်းလှက ဆက်လက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြုံရေးဆိုင်ရာဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရ ဆောင်ရွက်ခဲ့တာတွေ ကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့်မရှိစေရဆိုတဲ့ အချက်ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့ ကျန်နေပါတယ်။

နော်အုန်းလှဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် အဖွဲ့ဝင်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခမှာသေနတ်ထိမှန် သေဆုံးခဲ့ တဲ့ တောင်သူဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လချမှတ် ခံထားရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။