၂၁ ပင်လုံ ပူးတွဲကော်မတီမှာ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေလည်း ပါမည်
2016.08.16

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကနေ ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ သဘောတူဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ UPDJC အစည်းအဝေး နောက်ဆုံးနေ့မှာ သဘောတူဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ UPDJC ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှန်မှုန်း ဆာခေါင်း က ပြောပါတယ်။
"အခုကျင်းပမယ့် ညီလာခံကို ကျင်းပနိုင်ဖို့အတွက် ပူးတွဲကျင်းပရေးကော်မတီကို ကျနော်တို့ဖွဲ့လိုက် ပါတယ်၊ အဲ့ဒီပူးတွဲကျင်းပရေးကော်မတီမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲက လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ ပူးပေါင်းပြီးတော့မှ အဲဒီပူးတွဲကျင်းပရေးကော်မတီကိုကျင်းပဖို့ သဘောတူတာဖြစ်ပါတယ်၊ ဒါဟာနိုင်ငံတော်ဘက်ကရော၊ တပ်မတော်ဘက်ကပါ၊ သဘောထားကြီးကြီးနဲ့ လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ အဲ့လိုပဲမြင်ပါတယ်၊ ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်"
၂၁ ရာစု ပင်လုံညီလာခံအပြီးမှာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးမယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအနှံ့မှာ ကျင်းပသွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဒေသခံတွေ၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို စုဆောင်းပြီး နောက်တစ်ကြိမ် ကျင်းပမယ့် ညီလာခံမှာ ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေးကို အစိုးရကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အလားတူ UPDJC အစည်းအဝေးကို လာမယ့် ၂၁ ရာစုပင်လုံညီလာခံ မကျင်းပမီ ကြားကာလမှာ ထပ်မံကျင်းပ သွားဖို့လည်း ရှိပါတယ်။