စစ်ကောင်စီထံ ခံဝန်ထိုးထားတဲ့ ငပုတော NLD ကိုယ်စားလှယ် ထောင်အနှစ် နှစ်ဆယ်ချခံရ

RFA Burmese
2024.01.02
စစ်ကောင်စီထံ ခံဝန်ထိုးထားတဲ့ ငပုတော NLD ကိုယ်စားလှယ် ထောင်အနှစ် နှစ်ဆယ်ချခံရ ငပုတောမြို့နယ် NLD ကိုယ်စားလှယ် ဦးသက်ပိုင်စိုးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်ကောင်စီထံ ခံဝန်ကတိထိုးချိန်တွင် တွေ့ရစဉ်။
Myanmar Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်မှာ ပုသိမ်ခရိုင် အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင်အနှစ် နှစ်ဆယ်ချလိုက်တယ်လို့ ငပုတောဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငပုတောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဖြစ်ခဲ့တဲ့ ဦးသက်ပိုင်စိုးဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း သူ့ရဲ့ ဇနီးနဲ့သမီးဖြစ်သူတို့ ဖမ်းဆီးခံရပြီးနောက် ဇူလိုင်လထဲမှာပဲ စစ်ကောင်စီထံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ခံဝန်ကတိလက်မှတ်ထိုးပြီး ပြန်နေထိုင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ကျုံပျော်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အလင်းဝင်တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ချိန်မှာလည်း ဦးသက်ပိုင်စိုး ပါဝင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာတော့ ဦးသက်ပိုင်စိုးကို ခံဝန်ကတိထိုးဖို့ ကျန်နေသေးတယ်ဆိုပြီး ငပုတောမြို့နယ် ရဲစခန်းကနေ လာခေါ်ပြီးနောက် ဖမ်းဆီးခံလိုက်ရတာလို့ ဦးသက်ပိုင်စိုးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရပြီးတော့ ပုသိမ်ခရိုင်တရားရုံးက အကြမ်းဖက်မှုပုဒ်မတွေနဲ့ ထောင်အနှစ် နှစ်ဆယ်ချလိုက်တယ်။ အခုတော့ ပုသိမ်အကျဉ်းထောင်ထဲမှာ ရှိနေတယ်လို့ သိရပါတယ် ”

ဦးသက်ပိုင်စိုး ခံဝန်ထိုးခဲ့ချိန်က သက်ဆိုင်ရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ကင်းရှင်းကြောင်း၊ နောက်နောင် မပြုလုပ်တော့ကြောင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ငပုတောမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အရင်အမှုတွဲအရ ပြန်အဖမ်းခံရတာ ဖြစ်တယ်လို့လည်း ဦးသက်ပိုင်စိုးနဲ့ နီးစပ်သူက ပြောပါတယ်။

ဦးသက်ပိုင်စိုးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) တစ်ခုပဲသိရပြီး ကျန်ပုဒ်မတစ်ခုကိုတော့ မသိရသေးဘူးလို့ ဦးသက်ပိုင်စိုးနဲ့ ရင်းနှီးသူ နောက်ထပ် မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။