အမတ်လောင်းတွေ Facebook မှာ ငွေကြေးအသုံးပြုမဲဆွယ်တာ မလုပ်ဖို့ NLD သတိပေး


2020.07.31
nld-office-npt-622 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် နေပြည်တော်ရုံးခွဲကို တွေ့ရစဉ်
ဓာတ်ပုံ - သက်စုအောင်/ RFA

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က အမတ်လောင်းတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်တွေကို ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားရာမှာ ၂၀၂၀ ရွေးကောက်ပွဲကာလ အွန်လိုင်းလူမှုကွန်ရက် အသုံးပြုတဲ့အခါမှာ ပျံ့နှံ့မှုများပြားစေရေးအတွက် ငွေကြေးသုံးစွဲတာကို တားမြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေဆဲ ကာလအတွင်း မဲဆွယ်စည်းရုံးတဲ့အခါမှာ လူစုလူဝေးလုပ်ဖို့ အခြေအနေ မပေးတဲ့အတွက် အွန်လိုင်းမှာ စည်းရုံးရေးဆင်းဖို့ လိုတာကြောင့် အခုလို အချက်တွေကို ထုတ်ပြန်ရတာဖြစ်ပြီး အလွန်အကျွံတွေ မဖြစ်အောင် သတိပေးချက်တွေ ထည့်သွင်းထားရတာဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က RFA ကို ပြောပါတယ်။

ပါတီတချို့ နဲ့ နိုင်ငံရေးသမားတချို့ သူတို့ရဲ့ Facebook စာမျက်နှာက တင်ပြချက်တွေ ပိုမို ပျံ့နှံ့စေရေးအတွက် ငွေကုန်ကြေးကျခံနေချိန်မှာ ဒီလို သတိပေးချက် ထွက်ပေါ်လာတာပါ။

NLD ပါတီတွင် ထုတ်ပြန်တဲ့ ဆောင်ရန်ရှောင်ရန် တွေထဲမှာ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာကနေ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်စေနိုင်တာတွေ၊ ပါတီဝင်အချင်းချင်း သွေးကွဲစေနိုင်တာတွေကို မရေးသားဖို့၊ ပါတီရဲ့ အရေးကြီးလျှို့ဝှက်၊ ကန့်သတ်စာတွေ၊ အမိန့်တွေနဲ့ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေတာ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ကိုယ်တိုင် စာရေးသားတာနဲ့ အခြားသူတွေရေးသားထားတဲ့ အကြောင်းအရာတွေကို ပြန်လည် မျှဝေတဲ့အခါမှာလည်း အချက်အလက် မှန်ကန်မှု ရှိ/မရှိ သေချာ စိစစ်ပြီးမှ လုပ်ဆောင်ဖို့နဲ့ အမုန်းစကားတွေ၊ အခြားသူကို ထိခိုက်စေနိုင်တဲ့ စကားလုံးကိုတွေ မသုံးကြဖို့လည်း ညွှန်ကြားထားပါတယ်။

ညွှန်ကြားချက်ထဲမှာ စာရေးသားတင်တာနဲ့ ဓာတ်ပုံတွေတင်ရုံတင်မကဘဲ သက်ဝင်လှုပ်ရှားမှုရှိပြီး ဆွဲဆောင်နိုင်တဲ့ Video တွေပါ တင်ကြဖို့ တိုက်တွန်းထားပြီး အဲဒီလိုတွေ တင်ကြတဲ့အခါမှာ ခွင့်ပြုချက်မရှိဘဲ ငွေကြေးသုံးပြီး မကြော်ငြာဖို့လည်း ပါဝင်ပါတယ်။

အခုလို ကိုယ်စားလှယ်လောင်းတွေ လူမှုကွန်ရက် ဖေ့စ်ဘွတ်ကနေတဆင့် မဲဆွယ် စည်းရုံးကြတဲ့အခါမှာ အခြားသော မသမာသူတွေက အကောင့်တုတွေ သုံးပြီး သတင်းမှားတွေ ဖြန့်တာမျိုး ဖြစ်လာမှာကို တားဆီးဖို့၊ စိစစ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

လူကိုယ်တိုင် မဲဆွယ်စည်းရုံးရေးတွေကိုလည်း အခါအခွင့်သင့်တဲ့အချိန်မှာ လုပ်ဆောင်သွားမယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

NLD ပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်တချို့ကလွဲပြီး ကိုယ်စားလှယ်ပေါင်း ၁၁၃၁ ယောက် ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။