ကယားပြည်နယ် ဝန်ကြီးချုပ်ကို ပါတီစည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူမည်
2018.11.15

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပါတီစည်းကမ်းချိုးဖောက်မှုေကြာင့် သတိပေးအရေးယူဖို့ စီစဉ်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
လွိုင်ကော်မြို့နယ် မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာ့မြေတချို့ကို ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သိမ်းယူခဲ့ကြောင်း တိုင်းကြားထားတာကြောင့် NLD ပါတီတွင်း အစည်းအဝေးထိုင်ပြီး သတိပေးအရေးယူဖို့ စီစဉ်နေတာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။
"ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းတွေရှိပါတယ်၊ လူထုနဲ့ ဆက်ဆံတဲ့အခါမှာ ဘာမလုပ်ရဘူးဆိုတာရှိပါတယ်၊ ဒါက ဥပဒေနဲ့ ငြိစွန်းတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ပါတီဝင်တွေကို သီးခြားသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေရှိပါတယ်၊ အဲဒါတွေကို လိုက်နာခြင်းမရှိတဲ့အတွက် ခေါ်ယူသတိပေးတာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်မှုတွေကို သက်ဆိုင်တဲ့သူတွေလည်း သိနိုင်အောင်ပါ"
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်းမှာ ကက်သလစ် သာသနာ့မြေကို မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားတွေရယူခဲ့ပြီး ၂၀၁၇ ခုနှစ် မေလမှာ စက်နဲ့ မြေညှိတာတွေ မြောင်းတူးတာတွေ လုပ်ဆောင်ခဲ့တာကို ဖြေရှင်းပေးဖို့ ကက်သလစ်ကျောင်းတာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတနဲ့ NLD ပါတီကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကက်သလစ်ကျောင်းတာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ NLD ပါတီ တာဝန်ရှိသူတွေက ရန်ကုန်မြို့မှာ ခေါ်ယူတွေ့ဆုံမေးမြန်းတာတွေလုပ်ခဲ့ပြီးစ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဒီကိစ္စကို စီစစ်ပေးမယ်လို့ ပြောကြောင်း ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချတ်သူရထွန်းက ပြောပါတယ်။
"ဒေါက်တာမျိုးညွန့်နဲ့ သူ့ရဲ့ အတွင်းရေးမှူးနဲ့တူတယ် ကျနော်တို့ရဲ့ ဖြစ်စဉ်တွေကို မေးပါတယ်၊ ကျနော်တို့ ၄ ဦး သွားတာ တစ်ယောက်ချင်းစီကို သီးသန့်ခေါ်တွေ့၊ ခေါ်မေးပါတယ်၊ ဖြစ်စဉ်တွေက သူတို့ကိုတိုင်ထားတဲ့အတိုင်း ဟုတ် မဟုတ် မေးတော့ ကျနော်တို့လည်း ပြောခဲ့ပါတယ်"
ဒါပေမဲ့ ထူးခြားမှုမရှိတာကြောင့် ကက်သလစ်ကျောင်း တာဝန်ရှိသူတွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့အတွက် တောင်းဆိုခဲ့ပြီးနောက် ၁ ပတ်အကြာမှာ NLD ပါတီစည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ပါတီတွင်းချမှတ်ထားတဲ့ တခြားစည်းကမ်းချက်တွေကို ဖောက်ဖျက်မှုတွေ ရှိကြောင်းလည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောပေမယ့် ဘာတွေဖောက်ဖျက်လည်း ဆိုတာကိုတော့ အသေးစိတ် ပြောကြားခြင်း မရှိပါဘူး။
ဒါကြောင့် ပါတီတွင်းချမှတ်ထားတဲ့ စည်းကမ်းချက်ချိုးဖောက်မှုနဲ့သာ အရေးယူမှာဖြစ်ပြီး ဥပဒေအရ ချိုးဖောက်တာမရှိတာကြောင့် ဥပဒေနဲ့အရေးယူတာတွေ ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲတာတွေရှိမှာ မဟုတ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒေသခံတိုင်းရင်းသားတွေရဲ့ တိုင်းကြားချက်တွေကို အခြေခံပြီး အရေးယူဖို့စီစဉ်နေတာဖြစ်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သက်ဆိုင်သူတွေကို အသိပေးသွားမယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။