NLD မုန်တိုင်းကူညီရေးအဖွဲ့ မြေပုံနယ်က တိုင်းရင်းသားတွေကို ကူညီ
2010.12.19
ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“မင်းပြားနယ်စပ်က ချင်းရွာတရွာကို သွားပြီးတော့၊ သူတို့ လူဦးရေ တထောင်လောက် ရှိတယ်၊ အိမ်ခြေ ၄ ရာလောက် ရှိတဲ့အထဲမှာ ၁၂၀ လောက်က လုံးဝ ပျက်သွားတယ်။ အဲဒီကို သွားပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှကြတယ်”
မင်းပြားနယ်စပ်ကနေ မြေပုံမြို့ အပြန်လမ်း ဒဂုံသစ်ကျေးရွာက လယ်သမားတွေနဲ့ ရွာသားတွေက အဖွဲ့ဝင်တွေကို သူတို့ရဲ့ အခက်အခဲတွေကို တင်ပြကြပြီး အကူအညီတွေ တောင်းခံခဲ့ကြောင်းလည်း သိရပါတယ်။
ဒဂုံသစ်ကျေးရွာက မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ အိမ်ခြေ ၃၅ အိမ်ဟာ အခုထိ အမိုးအကာ မရှိတဲ့အတွက် အဖွဲ့ဝင်တွေက ကူညီပေးခဲ့ကြတယ်လို့လဲ ဦးအုန်းကြိုင်က ပြောပါတယ်။
“သူတို့ရွာမှာ အိမ်ခြေပေါင်း လေးငါး ခြောက်ရာ ပျက်တာမှာ လုံးဝ နေလို့မရအောင် ပျက်တဲ့ အိမ်ခြေ ၁၂၀ အတွက် သက်ဆိုင်ရာက ပေးတဲ့ မိုးကာစကလည်း ၁၄ ခုလောက်ပဲ လာပေးတယ်။ မလောက်မင ဖြစ်ကုန်တာပေါ့။ အဲဒါနဲ့ လုံးဝ အကာအမိုး မရှိဖြစ်နေတဲ့ အိမ်ထောင်စု ၃၅ စုက မြေပုံမြို့နယ် မဝက ရုံးကို သွားတောင်းတယ်။ သွားတောင်းတော့ ဟိုက မရှိဘူး မပေးနိုင်ဘူးလို့ ပြောတဲ့အပြင် အဲဒီအထဲက ခေါင်းဆောင်လို့ ယူဆရသူ ၄ ယောက်လောက်ကို အခုလို လူစုလူဝေးနဲ့ လာတောင်းရကောင်းလား ဆိုပြီး ၂၄ နာရီ ချုပ်ထားလိုက်တယ်။ နောက်နေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်။ အဲဒီအကြောင်းတွေကို ဒီကသွားတဲ့ ဦးအေးသာအောင်၊ ဒေါ်မေဝင်းမြင့်၊ ဦးကြည်ဝင်းတို့ကို ပြောပြီး အကူအညီတောင်းတယ်။ အဲဒါနဲ့ တကယ်လိုအပ်နေတဲ့ အိမ်ထောင်စုစာရင်းယူပြီး လိုက်ခဲ့ဆိုပြီး မြေပုံမြို့ကို ခေါ်လာတယ်။ ခေါ်လာပြီး အကာစတွေ ဝယ်ပေးလိုက်တယ်”
NLD နဲ့CRPP ဂီရိ အကူအညီပေးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မင်းပြားမြို့က တဆင့် ကျောက်တော်မြို့ကို ထွက်ခွာသွားကြပြီလို့ သိရပါတယ်။