ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင်
2011.03.30

ဒါနဲ့ပတ်သက်လို့ NLD အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“အစိုးရသစ် ပြောင်းလဲတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အမြင်ကတော့ အနှစ်ချုပ်ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကနေ ဆင်းသက်လာတာ။ ရွေးကောက်ပွဲကျတဲ့ အခါကျတော့လည်း ကမ္ဘာကြီးက all inclusive ဖြစ်အောင် လုပ်ပါဆိုတဲ့ ကြားထဲကနေပြီးတော့ တဖက်သတ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အဲဒီ ရွေးကောက်ပွဲက ဖြစ်ပေါ်လာတဲ့ လွှတ်တော်၊ အဲဒီ လွှတ်တော်ကနေ အခု ဖွဲ့လိုက်တဲ့ အစိုးရ။ သို့သော်လည်းပဲ သမတ၊ ဒုတိယ သမတ၊ လွှတ်တော် ဆိုတာတွေ ရှိလာတယ်။ ဒါကတော့ အရင်နဲ့ စာရင်ပေါ့ဗျာ၊ မတူတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတာ ကျွန်တော်တို့ ပကတိအတိုင်း မြင်ပါတယ်။ သို့သော် အဲဒီ ပြောင်းလဲလာတဲ့ဟာက တကဲ့ ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူးဆိုတာလည်း ကျွန်တော်တို့ အဲလိုပဲ ပြောရပါမယ်။”
ပြည်သူတွေ မျှော်လင့်နေတဲ့ အစိုးရ မဟုတ်ပေမဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် တွေ့ဆုံဆွေးနွေးရေးက အဓိကကျတဲ့အတွက် အဆုံးအဖြတ် ပေးနိုင်မဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ မူကို NLD အဖွဲ့ချုပ်က ဆက်လက် စွဲကိုင်ထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ရေးဆိုတာဟာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဒီဖက်က ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ရင်ထဲက အသံဟာ သူတို့ ရင်ထဲက အသံပါပဲလို့ ပြောနေတဲ့ အဲဒီ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေး ပြေလည်အောင် အဖြေရှာဖို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ရပ်တည်ထားပါတယ်။”
“အဲဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် တချက်ပါပဲ။ အဲဒီတော့ အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုလည်းပဲ ကျွန်တော်တို့ကတော့ ဒါ တွေ့ဆုံဆွေးနွေး ပြေလည်ရေးကိုသာ ကျွန်တော်တို့ ခုထက်ထိ ရပ်ထားတုန်းပဲလို့ ပြောချင်ပါတယ်။”
အခုအစိုးရသစ်ကို ပြည်သူမျှော်မှန်းတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ် ပြုနိုင်ဖို့ဆိုရင် ပြည်သူလူထု လိုချင်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက် ဖော်ဆောင်ပေးမလဲ၊ ဥပဒေကိုလေးစား လိုက်နာပြီး ဥပဒေအတိုင်း ဘယ်လောက် ဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်တွေကို စောင့်ကြည့်ပြီး သတ်မှတ် ပြောဆိုရမှာ ဖြစ်တယ်လို့လည်း NLD အဖွဲ့ချုပ်က ပြောပါတယ်။