တရားဝင် ဆွေးနွေးပွဲတွေပြန်စဖို့ အပစ်ရပ်အဖွဲ့တွေကို အစိုးရ ကမ်းလှမ်း


2019.08.19
nca-s-eao-meeting-aug19-622.jpg အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၁၀ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉၊ သြဂုတ် ၁၉ ရက်နေ့က အလွတ်သဘောတွေ့ဆုံကြစဉ်
ဓါတ်ပုံ - အောင်မိုးမြင့်/ RFA

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တရားဝင်ဆွေးနွေးပွဲတွေ ပြန်စဖို့ အစိုးရက ကမ်းလှမ်းလိုက်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၁၀ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ အလွတ်သဘောတွေ့ဆုံရာမှာ အစိုးရအဖွဲ့က ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီအလွတ်သဘောတွေ့ဆုံမှုမလုပ်ခင် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ကျင်းပတဲ့ UPDJC အတွင်းရေးမှူး အဖွဲ့ အလွတ်သဘော အစည်းအဝေးမှာ လုပ်ငန်းစဉ် လေးရပ်ပါတဲ့ အစိုးရဘက်က အဆိုပြုလိုက်တဲ့ အချက် လေးချက်ကို NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားတွေအကြား ပြန်လည်ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေး က ဆက်ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ NRPC ခေါင်းဆောင်တွေအကြား တစ်နာရီခွဲကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် လာမည့် သြဂုတ်လ ၂၁ ရက်နေ့မှာကျင်းပမည့် PPST နိုင်ငံရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ထံတင်ပြပြီး ဆက်လက်ဆွေးနွေး အတည်ပြုချက် ရယူသွားမှာ ဖြစ်တယ်လို့လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်

အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာလည်း ဗိုလ်မှူးကြီး ဘုန်းနိုင် ဦးဆောင်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့လည်း မနက်ပိုင်းမှာ တစ်နာရီနီးပါးကြာ သီးခြားတွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံပွဲမှာ အစိုးရဘက်က NCA လမ်းကြောင်းပေါ် ရောက်လာအောင် အဓိကထား ဆွေးနွေးခဲ့တာရှိခဲ့ပေမယ့် KNPP အဖွဲ့ဘက်ကတော့ အစိုးရထံ သီးသန့်စာတစ်စောင် ပေးအပ်ခဲ့တယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့ဟာ မနက်ဖြန်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေနဲ့ မနက်ပိုင်းမှာ သီးခြားအလွတ်သဘော တွေ့ဆုံဖို့ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကခေါင်းဆောင်တွေနဲ့လည်း ညနေပိုင်းမှာ သီးခြား အလွတ်သဘော တွေ့ဆုံကြဖို့ရှိတယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။

(RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။