ကျန်းမာရေးဝန်ကြီးနဲ့ သူနာပြုတက္ကသိုလ် ကျောင်းသားတွေ ဆွေးနွေးပွဲ ပြေလည်မှုရ
2017.03.17

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ရန်ကုန် သူနာပြုတက္ကသိုလ် က ကျောင်းသားတွေ ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံညှိနှိုင်းပြီး ကျောင်းပြီးဆုံးချိန်မှာ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကို သူနာပြုလိုင်စင်ထုတ်ပေးဖို့အပါအဝင် အချက် ၈ ချက်ကို သဘောတူညီမှုရခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သူနာပြု၊ သားဖွားကိစ္စရပ်တွေအတွက် ဆက်သွယ်ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားတဲ့အဖွဲ့က ဒုတိယ အဖွဲ့ခေါင်းဆောင် ဒေါက်တာ သာထွန်းကျော်က သူနာပြုသင်တန်သားတွေ တောင်းဆိုထားတဲ့အတိုင်း နိုင်ငံ့ တာဝန်ထမ်းဆောင်သူတွေကို သူနာပြုလိုင်စင် ထုတ်ပေးမှာဖြစ်တယ်လို့ တွေ့ဆုံညှိုနှိုင်းမှုအပြီး သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
အလားတူ သူနာပြုသင်တန်းသားတွေ အနေနဲ့လည်း သူနာပြုတက္ကသိုလ် ဝင်ရောက်စဉ်က ကတိပြု စာချုပ် အတိုင်း နိုင်ငံ့တာဝန်ကို ၂ နှစ် ဒါမှမဟုတ်၃ နှစ် မပျက်မကွက် ထမ်းဆောင်ဖို့ နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစပြီး သူနာပြုတက္ကသိုလ် ဝင်ရောက်ဖို့အတွက် ချုပ်ဆိုရမယ့် သဘော တူစာချုပ်မှာ နိုင်ငံ့တာဝန်မထမ်းဆောင်နိုင်ရင် လျော်ကြေးပေးရမယ်ဆိုတဲ့ အချက်ကို လုံးဝပယ်ဖျက်သွားမှာဖြစ် ပြီး နိုင်ငံ့တာဝန်ကို ၃ နှစ်တိတိ ထမ်းဆောင်ရမယ်ဆိုတဲ့ အချက်ကိုထည့်သွင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။
ဒါကြောင့် သင်တန်းသူ သင်တန်းသားတွေအနေနဲ့ နိုင်ငံတာဝန် ၃ နှစ် ထမ်းဆောင်နိုင်မှသာ သူနာပြုတက္ကသိုလ် တက်ရောက်နိုင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အစိုးရဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးမယ်ဆိုတဲ့ စနစ်ပြောင်းလဲလိုက် တာကို မကျေနပ်တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ က ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်သူနာပြု တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေကို အရေးယူသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ၃ နှစ်မပြည့်ပဲ အစိုးရတာဝန်ကနေ ထွက်ခွာသွားတဲ့ သူနာပြုတွေရဲ့ လိုင်စင်ကို သူနာပြုကောင်စီက ထိန်းသိမ်းထားမှာဖြစ်ပြီး စာချုပ်ပါအတိုင်း သတ်မှတ်ချိန်ပြည့်တဲ့အခါ လိုင်စင်ပြန်ရဖို့ လာရောက်လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားကောင်စီ ဥက္ကဌ ဒေါ်ဖြူဖြူက ပြောပါတယ်။
ပုဂ္ဂလိက ဆေးရုံတွေမှာ သူနာပြုတက္ကသိုလ်၊ သူနာပြုသားဖွားသင်တန်းကျောင်းက စာချုပ်ဖောက်ဖျက်တဲ့သူတွေကို အလုပ်ခန့်ထားခြင်းမပြုဖို့အတွက် ကုသရေးဦးစီးဌာနက မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံးများအသင်းကို အကြောင်း ကြားစာပေးဖို့ခဲ့တဲ့အတွက် မြန်မာနိုင်ငံ သူနာပြုတက္ကသိုလ် (ရန်ကုန်)က သူနာပြုသင်တန်းသားတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။