ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးအချို့ရဲ့အဂတိအမှု တရားလိုကို စတင်စစ်ဆေး

2021.09.30
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးအချို့ရဲ့အဂတိအမှု တရားလိုကို စတင်စစ်ဆေး ရခိုင်ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၂၀ ဇွန် ၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ခဲ့တဲ့ ဦးညီပု အပါအဝင် ဝန်ကြီးတွေရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအမှုအတွက် တရားလိုဖြစ်တဲ့ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနေ့က စစ်တွေအကျဉ်းထောင်ထဲမှာပဲ တရားရုံးဖွင့်လှစ်ပြီး စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

ဒီအမှုထဲမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီအဖွဲ့ စစ်ဆေးရေးမှူး ဦးကောင်းဇော် သန့် အပါအဝင် တရားလိုပြသက်သေ ၁၄ ဦးပါဝင်တယ်လို့လည်း ရှေ့နေက ဆိုပါတယ်။

တရားလိုဖက်က တိုက်ချက်အကြောင်းအရာတွေကို ထွက်ဆိုခဲ့ပြီး ရုံးချိန်းအချိန်မလောက်တာကြောင့် အပြန် အလှန်စစ်ဆေးခွင့် မရလိုက်ဘဲ နောက်ရုံးချိန်းမှာသာ စစ်ဆေးမေးနိုင်မယ်လို့ ဦးအောင်စစ်မင်းက ပြောပါ တယ်။

ဝန်ကြီးချုပ် ဦးညီပု အပါအဝင် လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ အခွန် စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်တို့အပေါ် အစိုးရဘဏ္ဍာငွေကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မညီ သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။

မနေ့က ရုံးချိန်းမှာ ဦးညီပု၊ ဦးကျော်အေးသိန်းနဲ့ ဦးအောင်ကျော်ဇံတို့ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ထပ်ရုံးချိန်းကို အောက်တိုဘာလ ၆ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ကျန်နေတဲ့ ဝန်ကြီး ဦးမင်းအောင်နဲ့ ဦးကျော်လွင်တို့ကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုဟာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ပါ ထပ်မံတရားစွဲခံ ထားရတာကြောင့် အမှုနှစ်ခုကို တပြိုင်တည်းရင်ဆိုင်နေရတာပါ။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ ငြိမ်းစုစီ ဥပဒေပုဒ်မ - ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဥပဒေပုဒ်မ -၂၅ နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာပဲ တောင်ကုတ်မြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ နှစ်လ ချက်မှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။