ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ

2021.05.28
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး အသတ်ခံရ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ်
Photo: RFA
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကျေးရွာ စည်းရုံးရေးမှူး ဦးအုန်းခိုင်ကို မျက်နှာဖုံးစွပ်ထားသူ လူနှစ်ယောက်က ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ နေအိမ်ကို ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
 
ဦးအုန်းခိုင်ဟာ ဒီကနေ့မနက်က ဓားမြှောင်ခါးကြားထိုးပြီး တစ်ရွာလုံးကို စိန်ခေါ်ခဲ့ပြီးတဲ့နောက်၊ နေ့လယ်ပိုင်းမှာ အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
"မနက်က မင်းတို့ PDF ရှိလည်း ဂရုမစိုက်ဘူးဆိုပြီး တစ်ရွာလုံး လှည့်အော်နေတာ။ နေ့ခင်းကျ သူ့အိမ်ကို ဝင်ပြီး ပစ်သွားတာ။ သူ့အိမ်ကလည်း ရွာအစွန်မှာရှိတာ။ ပစ်တဲ့သူတွေက ဘယ်သူတွေလည်း မသိလိုက်ပါဘူး။ စစ်ကောင်စီက ဦးအုန်းခိုင် အလောင်းကို ယူသွားတယ်"
 
ဦးအုန်းခိုင် သေဆုံးပြီးနောက် ရွာကို စစ်သားတွေ ရောက်လာပြီး၊ ရွာသားတွေကို လူသတ်မှုသံသယနဲ့ ပိုက်စိပ်တိုက် စစ်ဆေးနေတာကြောင့်၊ အိုင်ပေါက်ကြီးကျေးရွာက ဒေသခံတွေ ရွာမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာကို ရှောင်ပြေးနေကြရတယ်လို့ ရွာသားတချို့က ပြောပါတယ်။
 
မွန်ပြည်နယ် ဘီလင်းမြို့မှာလည်း မေလ၂၇ ရက် မနေ့က၊ မြို့နယ်ကြံခိုင်ရေးပါတီဥက္ကဋ္ဌ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။
 
အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ မေလ ၂၈ ရက် ရက်စွဲနဲ့ ချက်ချင်း ကြေညာချက်ထုတ်ပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။