ကြက်သွန်နီဈေးတွေ မြင့်တက်


2017.12.10
onion-622.jpg ဈေးကွက်ကို တင်ပို့ရောင်းချမယ့် ကြက်သွန်နီတွေကို တွေ့ရစဉ်
Photo: RFA

နိုဝင်ဘာလကစပြီး ကြက်သွန်နီဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာရာ အမြင့်ဆုံးဈေးအနေနဲ့ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်ထိ မြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာရှိတဲ့ ကြက်သွန်ပွဲရုံပိုင်ရှင်တွေက ဒီနေ့ ပြော ပါတယ်။

ဈေးကွက်ထဲမှာ ကြက်သွန်နီအဟောင်းလက်ကျန် နည်းနေတဲ့အချိန်ဖြစ်နေပြီး ဒီနှစ်  ကြက်သွန်အသစ်ပေါ် တာ နောက်ကျတာကြောင့် ဈေးနှုန်းမြင့်တက်တာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် က ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်တဲ့ ကိုဖြိုးထက်အောင် ကပြောပါတယ်။

"အရင်က ဘယ်လောက်ပဲ ဈေးမြင့်ခဲ့ ၁၅၀၀ ဈေးပတ်ချာလည်ပဲရှိတာပေါ့၊အခု ၃၀၀၀ လောက် ဆိုတော့ ပြောမယ်ဆို ဈေးခေါက်ချိုးတက်တဲ့ပုံစံဖြစ်တာပေါ့၊ လွန်ခဲ့တဲ့ လေးနှစ် ငါးနှစ်ပတ်ချာလည်မှာ လည်း တစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်၊ အခုမှနောက်တစ်ကြိမ်ထပ်ဖြစ်တာပေါ့၊ ဒါက ပစ္စည်းရဲ့လိုအပ်ချက်နဲ့ နိုင်ငံတော်မှာလိုအပ်ချက်နဲ့ ကုန်လက်ကျန်နဲ့ မညီမျှတဲ့အတွက် ဈေးနှုန်းက အဲလောက်ထိကို မြင့်တက် သွားတာပါ "

ပြီးခဲ့တဲ့ ကြက်သွန်စိုက်ရာသီမှာ မိုးများခဲ့တာကြောင့် စိုက်ပျိုးချိန်နောက်ကျခဲ့တဲ့အတွက် ကြက်သွန်နီ အသစ်တွေ ဈေးကွက်ကို အချိန်မီမရောက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ  ကြက်သွန်နီ အဟောင်းရော လက်တလောအသစ်ထွက်လာတဲ့ ကြက်သွန်နီအသစ်ဈေးနှုန်းပါ မြင့်တက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာရှိတဲ့ ကြက်သွန်နီအဟောင်းက အရင်က တစ်ပိဿာကို ငွေကျပ် တစ်ထောင်ဝန်းကျင် သာရှိရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တဖြည်းဖြည်း မြင့်တက်လာပြီး လက်ကားဈေး တစ်ပိဿာကို အမြင့်ဆုံး ၃၀၅၀ ကျပ် ဝန်းကျင်ထိဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့ ကြက်သွန်နီအဟောင်း အရွယ်အစား အကြီးဆုံးကို  တစ်ပိဿာကို ကျပ် ၂၉၅၀ ဝန်းကျင်ဈေးမှာ ရပ်တန့်နေပါတယ်။

ကြက်သွန်အသစ်ဈေးနှုန်းကလည်း စပေါ်လာခါစမှာ နယ်ဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၁၅၀၀ ဝန်းကျင်ဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ လက်ကားဈေး တစ်ပိဿာကို ကျပ် ၂၀၀၀ ကနေ ၂၅၀၀ ကြားမှာ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း ကြက်သွန်တစ်ပိဿကို ဈေးနှုန်း ၂၀၀၀ ကျော်ထိသာ မြင့်တက်ခဲ့ပြီး အခုလို ကျပ် ၃၀၀၀ ကျော်သွားတာမျိုးထိတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။  လတ်တလော ဈေးကွက်မှာဝင်နေတဲ့ ကြက်သွန်အသစ်တွေကတော့  ပခုက္ကူ၊ မြစ်သားနယ်တွေကဖြစ်ပြီး ဈေးကွက်မှာ အနည်းငယ်သာ အဝင်ရှိသေးတာကြောင့် ကြက်သွန်ဈေးနှုန်းတွေကလည်း အမြင့်ဈေးနဲ့ ငြိမ်နေတာဖြစ်ပြီး  ကြက်သွန်အသစ်တွေ ဆက်တိုက်ဝင်လာရင်တော့ ဈေးကပြန်ကျသွားနိုင်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာရှိတဲ့ ကြက်သွန် ပွဲရုံပိုင်ရှင်အချို့ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။