ပြည်ပနိုင်ငံတွေကနေ ကြက်သွန်နီ တင်သွင်းခွင့်ပြုထား
2017.12.11
ပြည်တွင်းမှာ ကြက်သွန်နီဈေးတွေ မြင့်တက်နေတဲ့အတွက် ပြည်ပကနေ ကြက်သွန်နီဝယ်ယူတင်သွင်း ခွင့်ကို လတ်တလော ခွင့်ပြုပေးထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဒီနေ့ ပြောပါတယ်။
ဈေးကွက်ထဲမှာ ကြက်သွန်နီရှားပြီး ဈေးတွေမြင့်တက်နေတဲ့အတွက် ပြည်ပကနေ တင်သွင်းခွင့်ပြုလိုက်တာဖြစ် တယ်လို့ ဦးတိုးအောင်မြင့် က ပြောပါတယ်။
"ကြက်သွန်နီကတော့ ပိတ်ထားတဲ့ထဲမှာတော့မပါဘူး၊ ဒါပေမဲ့ ပြည်တွင်းမှာလည်း ကြက်သွန်စိုက်တဲ့ တောင်သူတွေ နှစ်ပေါက် လှောင်ရတဲ့အခါကြတော့ ကြက်သွန်က အလျော့တွေများတယ်၊ ဒါကြောင့် သူတို့ ဒီလုပ်ငန်းလုပ်တဲ့နေရာမှာ အရှုံးမပေါ်အောင် လိုင်စင်ကို အလွယ်တကူမပေးတာပေါ့၊ ဒါပေမဲ့ အခုကတော့ ဈေးနှုန်းတွေက တအားမြင့်တက်လာတဲ့အခါကြတော့ စားသုံးသူတွေအတွက်လည်း အများကြီးထိခိုက်လာတဲ့ အခါ တဖက်က စားသုံးသူတွေဘက်ကို သက်သာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သွင်းချင်တဲ့သူတွေရှိရင် သွင်းလို့ရအောင် ခွင့်ပြုပေးလိုက်တာပါ"
ပြည်တွင်းမှာရှိတဲ့ ကြက်သွန်စိုက်တောင်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ ပြည်ပကနေ ကြက်သွန်နီ တင်သွင်းခွင့်ကို စီးပွားကူးသန်းဝန်ကြီး ဌာနအနေနဲ့ အရင်က အလွယ်တကူခွင့်ပြု မပေးခဲ့ပါဘူး။
ဒီနှစ် မိုးကြက်သွန်နီအသစ်ကလည်း စိုက်ပျိုးချိန်မှာ မိုးများခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများပြီး အထွက်နောက် ကျတဲ့အပြင် ဈေးကွက်ထဲမှာ ကြက်သွန်နီအဟောင်း လက်ကျန်နည်းနေတာကြောင့် ဈေးနှုန်းတွေ မြင့်တက်နေ တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တရုတ်နဲ့ အိန္ဒိယကနေ ကြက်သွန်နီတင်သွင်းတာတွေရှိနေပြီး ပြည်ပကနေ ကြက်သွန်နီ တင်သွင်းခွင့်ကို ပြည်တွင်းမှာ ကြက်သွန်နီဈေး ပြန်ကျတဲ့အချိန်ထိ ခွင့်ပြုပေးထားမယ်လို့လည်း ပြောပါတယ်။
ကြက်သွန်နီအဟောင်းဈေးနှုန်းက အရင်က တစ်ပိဿာကို ကျပ်တစ်ထောင် ဝန်းကျင်ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တဖြည်းဖြည်း မြင့်တက်လာ ခဲ့ပြီးနောက် အမြင့်ဆုံးဈေးအနေနဲ့ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်ထိ ရောက်နေတာဖြစ်ပါတယ်။