တခုတည်းသော တပ်မတော်ထားရှိရေးကို လက်ခံ


2018.10.16
govt-nca-s-eao-second-day-622.jpg အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး နောက်ဆုံးနေ့ကို ၂၀၁၈ အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ်
Photo: Myanmar State Counsellor Office

တခုတည်းသောတပ်မတော် ထားရှိရေးကို ထိပ်သီးအစည်းအဝေး ဒုတိယနေ့ ဒီနေ့မှာ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောင်တွေဘက်က လက်ခံလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ တခုတည်းသော တပ်မတော် ထားရှိရေးကိစ္စကို ဆွေးနွေးရာ နိုင်ငံတကာမှာလည်း တပ်မတော်တခုတည်းသာ ရှိတဲ့အတွက် ဒီအချက်ကို လက်ခံလိုက်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဒုတိယဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။ ဆက်လက်ပြီး အဲဒီကိစ္စအပြင် ပြည်ထောင်စုကနေ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စတွေ ကိုတော့ အပစ်ရပ်အဖွဲ့တွေအပြင် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ခေါင်းဆောင်တွေနဲ့ လာမယ့် နိုဝင်ဘာလ အတွင်း တွေ့ဆုံဆွေးနွေးသွားမယ့်အကြောင်း အစိုးရနဲ့ တပ်မတော်ကို အသိပေးပြောရာမှာ အစိုးရနဲ့ တပ်မတော် ဘက်က လက်ခံတယ်လို့ သိရပါတယ်။

ဒီနေ့ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်ကတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းပဲ တက်ရောက်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကတော့ အားလုံး တက်ရောက်ခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ကို ရောက်ရှိနေပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ပင့်ဆောင်အပူဇော်ခံပွဲနဲ့ အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို တက်ရောက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။