လူဦးရေ တစ်သိန်းသုံးသောင်းကျော် ရေဘေးသင့်


2018.07.31
hpa-an-mebaung-flooding-622.jpg ဘားအံမြို့နယ် မဲဘောင်ရွာမှာ ရေတက်နေတာကို ၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့ကတွေ့ရစဉ်
Photo: RFA

ကရင်၊ တနင်္သာရီ၊ မွန်၊ ပဲခူး၊ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ် ၅ခုမှာ ရေဘေးကြောင့် လူဦးရေ တစ်သိန်း သုံးသောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေရပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်း ၄၉၀ မှာ ရွှေ့ပြောင်းနေကြတဲ့ စာရင်းဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အခုလက်ရှိဆိုရင် စခန်းပေါင်းက ၄၉၀ ကျော်ပဲ ကျန်ပါပြီ။ အိမ်ထောင်စုကကျတော့ ၂၈၀၀၀ ကျော်ပဲ ကျန်ပါပြီ။ လူဦးရေကတော့ တစ်သိန်းသုံးသောင်းနှစ်ထောင်ကျော် ကျန်ပါသေးတယ်ရှင့်။ ကရင်၊ တနင်္သာရီ၊ မွန်၊ ပဲခူး၊ မကွေး ပါပါတယ်"

မနေ့က ရေဘေးဒုက္ခသည် နှစ်သောင်းခြောက်ထောက်ကျော်ရှိတဲ့ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် မှာ ရေဘေးဒုက္ခသည် ၂၇၀၀၀ ကျော်အထိ တိုးလာပါတယ်။

နောက် ၄ ရက်စာလောက်ပဲ ရိက္ခာရှိတော့တယ်လို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း က ပြောပါတယ်။

"ဒီနေ့အထိကတော့ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ အိမ်ထောင်စုပေါင်း ၅၆၇၈ စု ပေါ့၊ လူဦးရေပေါင်း ကတော့  ၂၇၂၆၆ ဦးပါ၊ ကျနော်တို့ ရေလွှတ်ရာဒေသကို အားလုံးရွေ့ပြောင်းထားပါတယ်၊ ဆန်ကနောက်ထပ် တစ်ပတ်စာလောက်အထိက လုံလောက်မှုမရှိဘူးဗျ၊ ကျနော်တို့ဆီမှာ အလှူရှင်တွေ လာတဲ့အနေအထားပေါ် တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃ ရက် စာလောက်တော့ ကောင်းကောင်း မွန်မွန်ဖြန့်ဝေလို့ ရပါတယ်ဗျ"

ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၄ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာနေတာကြောင့် စစ်တောင်းမြစ်ရေတက်တာ၊ တောင် ကျရေ ကျတာတွေကြောင့် ရွှေကျင်မြို့နယ်မှာ ရပ်ကွက် ၈ခုနဲ့ ကျေးရွာအုပ်စု ၃၁ အုပ်စုမှာ ရေကြီးနေတာဖြစ် ပါတယ်။

အဲဒီရွာတွေထဲမှာ သွားလာရခက်ခဲတဲ့ ကျေးရွာတွေအတွက် အနီးဆုံးကျေးရွာတွေအထိ သွားပြီး ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်လို့ ဦးထွန်းထွန်းလင်းက ပြောပါတယ်။

ရွှေကျင်-ညောင်လေးပင်လမ်းမှာ ရေကြီးနေတာကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေကို လှေတွေ၊ ကားတွေနဲ့ သယ်ယူနေရတယ်လို့လည်းပြောပါတယ်။

အလားတူ ကရင်ပြည်နယ်မှာဆိုရင် ရေအနည်းငယ်ကျနေပေမယ့် ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ကော့ကရိတ်မြို့တွေ မှာ ရေကြီးနစ်မြုပ်နေပြီး မွန်ပြည်နယ်မှာဆိုရင် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုနဲ့ ကျိုက်မရောမြို့နယ်တွေမှာ ရေကြီးနေ ပါတယ်။

တနင်္သာရီတိုင်းမှာတော့ တနင်္သာရီမြို့မှာရေမကျသေးဘဲ ရေဘေးဒုက္ခသည် ၆ထောင်ကျော်နဲ့ ရေဘေး သင့်ပြည်သူတွေထဲက လက်လုပ်လက်စား လူဦးရေ ၃၅၀၀ ကို ရိက္ခာတွေ ဝေငှနေရဆဲဖြစ်ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစုစုပေါင်း ၁၁ ဦး ရှိပြီး ဘီးလင်းရေဘေးကယ်ဆယ်ရေးမှာ ရေစီးနဲ့မျောပါ သေဆုံးခဲ့တဲ့ တပ်မတော်သား ၃ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တေ့ွရှိထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။