မြောက်ပိုင်း ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံပွဲရက်ရွှေ့


2018.08.12
peace-commission-622.jpg UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးပွဲရက်ကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ မနေ့က တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ရွှေ့ဆိုင်းဖို့ဆိုပြီး ငြိမ်းချမ်းရေးကော်မရှင်က အကြောင်း ကြားလာတယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ငြိမ်ချမ်းရေးကော်မရှင် PC ဘက်က တရုတ်ပြည်ဘက်က အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်း ကို ပြောတယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ချင်တယ်၊ အဲဒါနဲ့ မစ္စတာ ဆွန်းကော့ရှန်းက FPNCC က တဆင့်ပြန်ပြောတော့ ကျနော်တို့ကလည်း တွေ့ဖို့ လက်ခံခဲ့တယ်၊ အခုလ ၁၁ ရက်နေ့မှာ တွေ့မယ်ပေါ့၊ အဲလိုချိန်းထားတော့ ၁၁ ရက် နေ့ မတိုင်ခင်ပေါ့ ၈ ရက်နေ့လောက်ကတည်းက မတွေ့ဖြစ်သေးဘူး နောက်မှပဲ ပြန်ချိန်းမယ်ပေါ့"

တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့် MNDAA၊ AA ရခိုင်အဖွဲ့တို့နဲ့ တွေ့ဆုံလိုတယ်ဆိုပြီး ငြိမ်းချမ်းရေးကော်မရှင် ဘက်က တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော့ရှန်း ကို ဆက်သွယ်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့် တွေ့ဆုံပွဲကို ရွှေ့ဆိုင်းလိုက်တယ်ဆိုတာကိုတော့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က အတိအကျ ပြောဆိုခြင်း မရှိတဲ့အတွက် မသိရဘူးလို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီမြောက်ပိုင်းက အဖွဲ့ ၃ ဖွဲ့ဟာ UWSA "ဝ"၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မိုင်လားအဖွဲ့တို့နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နဲ့ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တို့ သီးခြားစီ တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ တိုးတက်မှု တချို့ရှိခဲ့တယ်လို့ TNLA အဖွဲ့ ဒုတိယ ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အစိုးရအဖွဲ့ဘက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘဲ တစ်ဖွဲ့ချင်းစီနဲ့သာ ဆွေးနွေးဖို့ မူဝါဒ ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။