နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လုပ်ငန်းကော်မတီတွေ ဖွဲ့စည်း


2017.02.17
peace-commission-statement-620.jpg ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း ကြေညာချက် တစိတ်တပိုင်းကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office FB

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေအတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီ ၅ ခုကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးက တင်လာတဲ့ ကဏ္ဍတွေအလိုက် တာဝန်ယူစုစည်းဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"ကော်မတီတွေမရှိဘူးဆိုရင် လုပ်ရကိုင်ရတာ အခက်ခဲရှိနိုင်တယ်။ အဲဒါကြောင့်မို့လို့ တိုင်းနဲ့ပြည်နယ် အသီးသီးက တင်လာတဲ့ ကဏ္ဍတွေကိုလည်း ကော်မတီက ပြန်ပြီးတော့ စုစည်းရမှာရှိတယ်။ အဲဒါကြောင့် ကော်မတီတွေက ပိုပြီးတော့အလုပ်များလာမယ်။ အလုပ်များသလောက်လည်း အကျိုးရှိ လာနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့လို့ ကော်မတီဟာ အရေးကြီးတယ်ဆို ပြီးတော့မှ ကော်မတီတွေ ဖွဲ့စည်းလိုက်တာဖြစ်တယ်။"

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကနေ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ် များ ဆွေးနွေးမှုလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

လုပ်ငန်းကော်မတီ အစည်းအဝေးတွေကတော့ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ လောက်မှာ စတင်နိုင်မယ်လို့ ခန့်မှန်းထားကြောင်းဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အဲဒီလုပ်ငန်းကော်မတီတွေဟာ တာဝန်ယူထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေနဲ့ အဆိုပြုချက်တွေကိုရေးဆွဲပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ကို ပေးရမှာဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တင်ပြလာတဲ့ အကြံပြုချက်တွေနဲ့ အဆိုပြုချက်တွေကို အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး ရွေးချယ်ရန် နည်းလမ်း ၃ ခုထက်မပိုတဲ့ မူဝါဒအဆိုပြုလွှာတွေကို စိစစ်ပြီး ပေးပို့ရမယ်ဆိုတဲ့အချက်တွေအပါအဝင် တာဝန်နဲ့လုပ်ပိုင်ခွင့် ၁၂ ချက်ကို ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။