ရိုက်တာသတင်းထောက် ၂ ဦးကို PEN America ဆုတံဆိပ်ချီးမြှင့်
2018.05.23

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် စုံစမ်းထောက်လှမ်းမှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်တွေအတွက် လှုပ်ရှားနေတဲ့ PEN America အဖွဲ့က မနေ့ညက လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာဆုကို ချီးမြှင့်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ မနေ့ညကကျင်းပတဲ့ PEN America ဆုပေးပွဲနဲ့ ညစာစားပွဲမှာ အခုလို ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီဆုကို နာမည်ကြီး ကနေဒါစာရေးဆရာမ Magret Atwood က ချီးမြင့်ခဲ့ပါတယ်။
“ဒီမိုကရေစီစနစ် နောက်ကြောင်းပြန်ချိန်တဲ့အချိန် အာဏာရှင်တွေ ပထမဆုံးလုပ်လေ့ရှိတဲ့အလုပ်က သူတို့မကြိုက်တဲ့ အကြောင်းအရာတွေကို ပြောတဲ့သူတွေကို နှုတ်ဆိတ်သွားအောင် လုပ်တဲ့အလုပ်ပဲဖြစ်ပါတယ်”လို့ မစ္စအတ်ဝုဒ်က ညစာစားပွဲမှာ ပြောကြားပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့ သတင်းထောက်တွေကိုလည်း “အမှန်တရားဟာ ဘယ်မှာလဲ၊ အမှန်တရားနဲ့ တရား မျှတမှုဆိုတာ ဘယ်မှာလဲ၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်မှာလဲ၊ လူသတ်မှုကို ကျူးလွန်တဲ့ စစ်သားတွေကို ထောင်ဒဏ် ၁ဝ နှစ်အပြစ်ပေးခံရချိန်၊ လူသတ်မှုကို ဖော်ထုတ်တဲ့ သတင်းထောက်တွေက ထောင်ဒဏ် ၁၄ နှစ်ကျမယ့်ကိန်းဆိုက်နေတာလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ မြန်မာအစိုးရက စိန်ခေါ်မေးခွန်းထုတ်ကြဖို့လည်း စာရေးဆရာမ Atwood က ဒီပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
မနေ့ညက ဆုပေးပွဲမှာ အမေရိကန်လျှို့ဝှက်သည်းဖို စာရေးဆရာ Stephen King၊ ရုပ်ရှင်သရုပ်ဆောင် Morgan Freeman နဲ့ စာရေးဆရာမ Magret Atwood တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။