ရေကြီးတာကြောင့် ကျောင်း ၇ ကျောင်း ပိတ်ထား
2018.07.02
ကချင်ပြည်နယ် လုံးခင်း နဲ့ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဥရုချောင်းရေ ကြီးပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေနစ်မြုပ်နေ တာကြောင့် စာသင်ကျောင်း ၇ ကျောင်း ယာယီပိတ်လိုက်ပါတယ်။
အစားထိုး သင်ပေးဖို့ မြို့နယ်ပညာရေးမှူးက စီစဉ်ထားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"ဖားကန့်က လုံးခင်း က အထက လုံးခင်းရယ်၊ နန့်မဖြစ်ကတော့ အလက ပေါ့။ ဖားကန့်မြို့ပေါ်မှာတော့ အလက မရှီကထောင်ရယ်၊ မူလွန် အေးမြသာယာရယ်၊ လေးကျောင်းပေါ့နော်။ ပြီးရင် ဥရုချောင်းရိုးပဲ ဟောင်ပါးအုပ်စု ထဲက သုံးကျောင်းဗျ။ အဲဒီသုံးကျောင်းကလည်း ဥရုချောင်းဘေးဖြစ်တဲ့အတွက် ကျောင်းထဲ ရေဝင်လို့ ပိတ်လိုက် တာပေါ့နော။ မူလတန်းကျောင်းက နန့်နားလိုင်ရယ်၊ နန့်စပိန်းရယ် နှစ်ကျောင်း၊ အလယ်ကျောင်းကတော့ ခိုမပေါ့။ စုစုပေါင်း အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ မူလွန် တစ်ကျောင်းနဲ့ မူလတန်း နှစ်ကျောင်း ခုနှစ်ကျောင်းပေါ့နော်"
ဒီရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ မိုးကြီးလို့ ဥရုချောင်းရေ လျှံလာတာဖြစ်ပြီး ဒီညနေပိုင်းမှာ ရေကျနေပြီလို့ ဦးကျော်စွာအောင် က ဆိုပါတယ်။
မြို့မ၊ မရှီကထောင်၊ အေးသာယာ၊ မော်ဝမ်း၊ စတဲ့ ဖားကန့် မြို့ပေါ်ရပ်ကွက် ၅ ခု မှာ အနိမ့်ပိုင်း ၄ ခု လောက် ရေနစ်မြုပ်ခဲ့ပြီး အိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။
မိုးများတာကြောင့် ဥရုချောင်းရေလျှံပြီး ရပ်ကွက်တွေထဲ ရေဝင်ရောက်တာ ဒီမိုးတွင်းကာလမှာ ဒါအများဆုံးဖြစ်တယ် လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အင်အားကြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းအလွန်အကျွံ တူးဖော်တာကြောင့် မိုးတွင်းရောက်တိုင်း နှစ်စဉ်လို ရေကြီးရေလျှံလေ့ရှိပါတယ်။