ဖားကန့်ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ မိသားစုတွေကို ပြည်နယ်အစိုးရထောက်ပံ့
2018.07.05

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ ပြီးခဲ့တဲ့ ဇွန်လက မိုးကြီးခဲ့တာကြောင့် မြေပြိုကာ လူတွေ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့ကြတဲ့ မိသားစုတွေအတွက် တန်ဖိုး ကျပ်သိန်း ၇ဝ ကျော်ရှိတဲ့ စားနပ်ရိက္ခာတွေကို ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းခဲ့ပါတယ်။
အိမ်ထောင်စုပေါင်း ၁၆၉ ခုအတွက် ဆန်၊ ဆီ၊ ကုလားပဲ စတာတွေကို ဖားကန့်မြို့ မဏိဇေယျုံဘုန်းတော်ကြီးကျောင်း မှာ ဒီနေ့ ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
"အားလုံး သိန်း ခုနှစ်ဆယ်နဲ့ တစ်သောင်း၊ လေးထောင်နဲ့ ငါးရာကို လူမှုရေးဝန်ကြီးက ကျနော့်ကိုတဆင့် ထုတ်ပေးခဲ့ပါတယ်။ အဲဒီငွေကြေးဟာ လူတစ်ယောက်ကို ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ ဗူးတစ်ဗူး၊ ကုလားပဲတစ်ပိဿာ၊ ဆားတစ်ထုပ်၊ ရွှေဝါဆပ်ပြာတစ်ချောင်း၊ ဖူဂျီဆပ်ပြာခရင်မ် ဗူးကြီးတစ်ဗူး။ တစ်ယောက်ကို အဲဒီလောက်ရပါတယ်ခင်ဗျ။ တန်ဖိုးအားဖြင့်ပြောရင် လေးသောင်းကျော် လောက်ရှိပါတယ်"
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖားကန့်ဒေသမှာ မိုးကြီးပြီး ကျောက်တမ်းကမ်ပါးနဲ့ မြေပြိုပြီး လူတွေထိခိုက်သေဆုံး နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့ကြပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ပေးပို့ထောက်ပံ့တဲ့ငွေနဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဦးဆောင်းလှူဒါန်းခဲ့တာဖြစ်ပြီး ကူညီဖို့ကျန်နေသေးတဲ့ မိသားစုတွေကိုလည်း ဆက်လက်ထောက်ပံ့မှာဖြစ်တယ်လို့ ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးတွင်းရာသီမှာ နှစ်စဉ်မိုးများရေကြီးလို့ မြေပြိုမှုတွေနဲ့အတူ ပွင့်လင်းရာသီ ချိန်မှာလည်း စွန့်ပစ်မြေစာပုံတွေပြိုကျလို့ လူတွေထိခိုက်သေဆုံးပြီး နေအိမ်အဆောက်အဦတွေ ပျက်စီးမှုတွေ ရှိပါတယ်။