ဖားကန့် ရေဘေးဒုက္ခသည်တွေ အခက်ကြုံနေ
2016.06.23

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လေးအိမ်စုရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က မိုးများ ပြီး ရေကြီးခဲ့လို့ အိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရွာသားတစ်ရာကျော်ဟာ သူတို့နေထိုင်ရေးအတွက် အခက် အခဲတွေဖြစ်နေပါတယ်။
လတ်တလော နောက်ထပ်အိမ်တွေဟာလည်း ရေတိုက်စားပြီး ပျက်စီးနေလို့ အခက်အခဲတွေ ဖြစ်နေတယ် လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ လေးအိမ်စုရွာက ဦးဝင်းဇော်ဦး က ပြောပါတယ်။
"အခုလောလောဆယ် ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် အယောက် ၅ဝ လောက်နေနေတယ်၊ ကျန်တဲ့သူတွေ ကတော့ သူတို့ရဲ့အသိအိမ်တွေမှာပဲနေတာပေါ့၊ အိမ်တွေက ရေတိုက်စားပြီး ထပ်ပြိုနေတာတွေရှိတယ်၊ အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ရှိတဲ့လူတွေကတော့ သူတို့ အစီအစဉ်ချနေတာနဲ့ကို လောလောဆယ် အိမ်တွေက ပြိုနေတုန်းဖြစ်နေတယ်၊ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေက ဘာအဓိကကျသလဲဆိုရင် နေထိုင်ဖို့ပါ၊ ဘုန်းကြီးကျောင်းမှာက ရေရှည်နေဖို့မဖြစ်ဘူး၊ ကျောချစရာနေရာစီစဉ်ပေးဖို့ တစ်ယောက်မှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးခင်ဗျ၊ ရာသီဥတုက မိုးလည်းတအားရွာနေတယ်"
ရေကြီးလို့ အိမ်တွေ ပျက်စီးခဲ့တဲ့နေ့တုန်းကတော့ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေ အပါအဝင် ဒေသခံ ရွာသားတွေက ကုဋေမှော်ဘုန်းကြီးကျောင်းမှာ နေထိုင်ဖို့ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
ကျောက်တူးဖော်ရေးကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်လို့ ထွက်လာတဲ့ စွန့်ပစ်မြေစာတွေကြောင့် မိုးရွာတဲ့အခါ ရေစီးကြောင်းတွေဟာ မူလချောင်းတွေအတိုင်း မစီးနိုင်တော့ပဲ လူနေအိမ်ခြေတွေကို ဝင်ရောက်တိုက်စားတဲ့ သဘောဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ မိုးရွာပြီဆို ရေကြီးမြေပြိုမှုတွေကြောင့် လူတွေထိခိုက် သေဆုံးနေသလို အခုလို လူနေအိမ်ခြေတွေလည်း ပျက်စီးနေတာပါ။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလာရောက်လုပ်ကိုင်နေသူတွေ နှစ်သိန်း ဝန်းကျင်ရှိပါတယ်။