ကန်ပိုက်တီးဒေသ ယန္တရားတွေ ပြန်သွင်းခွင့်ရပြီ
2016.07.01

ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသမှာ ယာဉ်ယန္တရားတင်သွင်းမှု ပိတ်ထားရာက မေလ ၁ ရက်စတင်ပြီးပြန်လည် တင်သွင်းခွင့်ပေးခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောပါတယ်။
အဲ့ဒီဒေသမှာ ယာဉ်ယန္တရားတင်သွင်းခွင့်ကို ၂ဝ၁၅ ခုနှစ်က ပိတ်ခဲ့ပြီး အခုအချိန်မှာတော့ အဲ့ဒီကာလတုန်း က ပေးထားတဲ့ လိုင်စင်တွေကို ပြန်လည်ပြီး သက်တမ်းတိုးခွင့်ပြုခဲ့တယ်လို့ မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ဦးတိုးအောင်မြင့်က အခုလိုပြောပါတယ်။
"ကန်ပိုက်တီးဒေသပေါ့လေ ဖားကန့်ဒေသကိစ္စနဲ့ပတ်သက်ပြီး ယာဉ်ယန္တရားတင်သွင်းတဲ့ကိစ္စတွေမှာ နယ်စပ်ဒေသကနေပြီးတော့ ယာဉ်ယန္တရားတွေတင်သွင်းခြင်း လုံးဝမပြုလုပ်ဖို့ဆိုပြီးတော့ ကျနော်တို့ တားဆီးခဲ့ပါတယ်၊ အဲ့ဒီအချိန်မှာ ကျနော်တို့ နယ်စပ်ဒေသကနေပြီးတော့ တင်သွင်းဖို့လိုင်စင်တွေ ရယူထားပြီးတော့ ကျန်ရှိနေတဲ့ ယာဉ်ယန္တရားတွေဟာ ဒီအတိုင်းပဲဖြစ်နေတဲ့အတွက် ၁ ရက် ၅ လ ၂ဝ၁၆ ကနေစပြီးတော့ အဲ့ဒီတုန်းကရထားတဲ့ လိုင်စင်တွေကို သက်တမ်းပြန်တိုးပြီးတော့ ကျနော်တို့ ပြန်လည် တင်သွင်းခွင့်ပေးပါတယ်"
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စွမ်းအားမြင့်ယာဉ်ယန္တရားကြီးနဲ့ ကျောက်စိမ်းတူးဖော်တာတွေကို လွှတ်တော်မှာ အရေးကြီးအဆိုတင်တာတွေ၊ ဒေသခံပြည်သူတွေက သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်ဆိုပြီး ကန့်ကွက် တာကြောင့် ယာဉ်ယန္တရားကြီးတွေကို ကန်ပိုက်တီးဂိတ်က တင်သွင်းခွင့်ပိတ်ခဲ့တာပါ။
ဒါ့အပြင် ဒေသခံကုန်သည်ငယ်တွေအတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ်ထုတ်ပေးပြီး တစ်ရက်လျှင် ဆိုင်ကယ်တစ်စီးနှုန်းနဲ့ တပတ်လျှင် ဆိုင်ကယ် ငါးစီးတင်သွင်းခွင့်ပြုနေတယ်လို့လည်း သိရပါတယ်။
ဒီကနေ့တွေ့ဆုံပွဲကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ ညွန်ကြားရေးမှူးချုပ်တွေ၊ နေပြည်တော်အခြေစိုက် သတင်းသမားတွေ တက်ရောက်ခဲ့ကြပါတယ်။