ဖားကန့်က ယာဉ်ယန္တရားတွေကို သွားရောက်စစ်ဆေးမည်
2016.01.12

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကျောက်စိမ်း တူးဖော်ရေး ယာဉ်ယန္တရားတွေကို စစ်ဆေးဖို့ နဲ့ မှတ်ပုံတင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း ဖားကန့်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။
စစ်ဆေးရေးအဖွဲ့ဟာ ဖားကန့်မှာ အခြေစိုက်ပြီး ကုမ္ပဏီတစ်ခုချင်းစီကို အချိန်ယူစစ်ဆေးမှာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါ တယ်။
"ဒီမှာကတော့ ကျောက်စိမ်းတူးဖော်ရေးဌာနကနေပြီးတော့ ကုမ္ပဏီလိုက်၊ ယာဉ်ယန္တရားတွေ အသေးစိတ်တော့ စုစုနေတယ်၊ အခုစိစစ်မှာကတော့ ကုမ္ပဏီ တစ်ခုချင်းလိုက် အုပ်ချုပ်မှုယာဉ်တွေကအစပေါ့ ယန္တရားတွေအားလုံးကို အသေးစိတ်စိစစ်ပြီးတော့မှ ကျနော်တို့တစ်ခါတည်း မှတ်ပုံတင်ပေးတာတို့၊ ကညနအဖွဲ့ တို့အားလုံးပါလာပြီးတော့ တစ်ပြိုင်နက်ထဲအချိန်တော်တော်ကြာကြာ ယူပြီးတော့လုပ်မယ့်သဘောရှိတယ်"
စစ်ဆေးရေးအဖွဲ့မှာ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် စတဲ့ ဌာနပေါင်းစုံက တာဝန်ရှိသူတွေ လိုက်ပါလာမယ်လို့ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်း၊ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ တရားမဝင် ကျောက်စိမ်းတူးဖော်ရေးယာဉ်၊ စက်ယန္တရားတွေ ဖားကန့်ဒေသဘက် သယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်း အခုလိုကွင်းဆင်း စုံစမ်းမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်က ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဦးဝင်းရှိန်တို့ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ ဟာ မြစ်ကြီးနား၊ ကန်ပိုက်တီ နဲ့ ဖားကန့်ဒေသတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ ဒီနှစ်အတွက် နိုင်ငံတော်ကို အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတဲ့ ယာဉ်စက်ယန္တရားအရေအတွက် ၁၀၉၉ စီးရှိပြီး လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်း အစီးရေ ခုနှစ်ရာကျော် ရောက်ရှိနေ ပြီဖြစ်ပါတယ်။