ဖားကန့်နဲ့ လုံးခင်းမှာ သက်တမ်း ကုန်ဆုံးမယ့် ကျောက်စိမ်း လုပ်ကွက် နှစ်ထောင်ကျော်ရှိ
2016.08.30

ကချင်ပြည်နယ် လုံးခင်း-ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နှစ်ထောင်ကျော်ဟာ လာမယ့် စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
သက်တမ်းတိုးခွင့်ကို ရပ်ဆိုင်းထားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EPM) ရေးသားတင်ပြပြီး မှ လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးမှာ ဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။
"လုံးခင်း ဖားကန့်မှာ EMP လုပ်ဖို့ တင်ဒါခေါ်တဲ့အခါ ကုမ္ပဏီ ၇ ခုက တင်ပြီး အခု စတင်လုပ်ဆောင်နေ ပါပြီ EMP ရေးဆွဲချက်ပေါ်မူတည်ပြီး ဘယ်အကွက်တွေက ဆက်လုပ်ဖို့သင့်တယ် ဘာလုပ်ရမယ်ဆိုတဲ့ အကြံပြုချက်တွေပါလာမယ် လုံးဝပိတ်လိုက်တာမဟုတ်ဘူး။ အခုလောလောဆယ် ရပ်တန့်ထားတဲ့ သဘောပါ" လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောတာဖြစ်ပါတယ်။
လုပ်ကိုင်ခွင့်သက်တမ်းကုန်မယ့်အထဲမှာ တူးဖော်ခွင့်သက်တမ်းကုန်သွားတဲ့ လုပ်ကွက်နဲ့ ကျောက်စိမ်းကုန်သွားတဲ့ လုပ်ကွက်ဆိုပြီး ၂ မျိုးရှိပါတယ်။
ကျောက်စိမ်းကျန်နေသေးတဲ့ လုပ်ကွက်တွေကို လောလောဆယ်မှာ သက်တမ်းတိုးခွင့် ရပ်ဆိုင်းထားတာဖြစ် ပြီး ကျောက်စိမ်းကုန်သွားတဲ့လုပ်ကွက်တွေကတော့ လုပ်ငန်းပိတ်သိမ်းပြီး နိုင်ငံတော်အစိုးရထံ ပြန်လည်အပ်နှံရ မှာ ဖြစ်ပါတယ်။
EMP လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးသားတင်ပြမှုကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ မှာ ကုမ္ပဏီတွေက စတင်ပေးပို့ရမယ်လို့ ဝန်ကြီးဌာက ထုတ်ပြန်ကြေငြာထားပါတယ်။