ရိုက်တာသတင်းဌာနကို အရေးယူပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုင်ကြား


2017.08.15
phyominthein-622.jpg ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ရိုက်တာသတင်းဌာနက ရေးသားခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သတင်းဌာနကို အရေးယူပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားစာပေးပို့ထားပါတယ်။

အစိုးရဘက်က ဘယ်လိုအရေးယူစေချင်တယ်ဆိုတာကို ပြန်လည်မေးမြန်းရဦးမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။

"ဒီ YBS နဲ့ပတ်သက်ပြီး ရိုက်တာက ရေးသားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ သူ့ကိုရော သူ့အစိုးရအဖွဲ့ ကို နစ်နာစေတယ် ဆိုပြီးတိုင်ထားတာပါ။ ဝန်ကြီးချုပ်ဘက်က ဘာလိုချင်လဲ ဘယ်အချက်အလက်က သူ့ကို နစ်နာစေတာလဲ အဲ့ဒါကို မေးမြန်းရမယ်။ အရေးယူဆိုတာ ဘယ်လိုမျိုးလဲ မှားနေတဲ့အချက်ကို ပြန်ပြင် ခိုင်းစေချင်တာလား ဘယ်အချက်အလက်ကမှားနေလဲ စသဖြင့် အဲ့ဒါတွေကို တဆင့်ပြီးတဆင့် ကျနော်တို့ က ဖော်ထုတ်ဖို့ လိုအပ်ပါသေးတယ်။"

YBS ယာဉ်တွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ သြဂုတ်လ ၆ရက်နေ့က ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းဆောင်းပါးအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားစာကို မနေ့က ပေးပို့ခဲ့တာဖြစ်ပြီး ရိုက်တာသတင်းဌာနကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနအပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ တိုင်ကြားမှုကိုခံရတဲ့ သတင်းမီဒီယာ ၂ခု ရှိပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက အလဲဗင်းသတင်းဌာန CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပုဒ်မ ၆၆ ဃ နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ် တိုင်ကြားခဲ့မှုဟာ အခုထိ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။