နယ်စပ်တိုက်ပွဲများမှ ပေါ်တာအချို့ ထိုင်းဖက်ထွက်ပြေးလာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေး၊ ဖလူးကြီး နယ်မြေ တိုက်ပွဲတွေအတွင်းက မြန်မာ စစ်အစိုးရ တပ်ဖက်က အကျဉ်းသား ပေါ်တာတချို့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးနေကြရာမှာ နောက်ထပ် ပေါ်တာတဦး ဖေဖော်ဝါရီ ၂ ရက် မနေ့က ထွက်ပြေး လွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။

2011.02.03
porters_troop_305_z.jpg စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့်် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
Photo: Courtesy of Free Burma Rangers)
လွတ်မြောက်လာခဲ့သူဟာ သာယာဝတီထောင်မှာ လူသတ်မှုနဲ့ အနှစ်၂၀ ကျခံနေရတဲ့ ကျုံပျော်မြို့က ကိုဇော်မင်းထွန်း ဆိုသူဖြစ်ပြီး သာယာဝတီထောင်ကနေ မွန်ပြည်နယ် ရဲဘက်စခန်းသို့ ရောက်ရှိ လာခဲ့ရာက ပြီးခဲ့တဲ့လ လဆန်းပိုင်းမှာ မွန်ပြည်နယ်က ကျောက်ထုတ်လုပ်ရေး ရဲဘက်စခန်းတွေက အကျဉ်းသား ၁၆၀ ကို နယ်စပ်တိုက်ပွဲတွေအတွက် အထမ်းသမား ပေါ်တာအဖြစ် ခေါ်ဆောင်ရာမှာ ပါဝင်ခဲ့တာလို့ သိရပါတယ်။ အကျဉ်းသားတဦး ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး အရာရှိရဲ့ ခြိမ်းခြောက်မှုကြောင့် သူထွက်ပြေး လာခဲ့ရကြောင်းကို ကိုဇော်မင်းထွန်းက အခုလို ပြောပြပါတယ်။

“မနေ့က နေ့လည်က ကျွန်တော်တို့ သုံးယောက် ထိုင်နေရင်းနဲ့ ဝါးခုတ်သွားမယ်ဆိုပြီးတော့ ကျွန်တော်တို့ သုံးယောက်တည်း စစ်သည်မပါပဲ ထွက်လာတာ။ ထွက်လာတဲ့အချိန်မှာပဲ တယောက်က ဓားကိုင်ပြီးတော့ ထွက်ပြေးသွားတယ်။ အဲဒါ မနေ့က ပြေးသွားတဲ့ လူတယောက်အတွက်နဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ရိုက်မယ်တဲ့။ မင်းတို့ကို ဒီက ရှိတဲ့ လူစေ့ မင်းတို့ကို ရိုက်ခိုင်းမယ်တဲ့။ ကျွန်တော်တို့ကို ဗိုလ်မှူးကို သွားနှိပ်ပေးနေရင်းနဲ့ မိလ္လာတက်မယ်ဆိုပြီး ထွက်လာတာ။”

သူတို့စခန်းချရာ ဖလူးဒေသက ဘုန်းကြီးကျောင်းဝင်းအတွင်းကနေ ၃ ဦး ထွက်ပြေးလာကြတာ ဖြစ်ကြောင်းနဲ့ တဦးက မပြေးနိုင်လို့ ကျန်ခဲ့ကြောင်း သိရပါတယ်။ အကျဉ်းသား ပေါ်တာတွေကို လုံခြုံရေး တင်းကျပ်တဲ့ အခြေအနေတွေကိုလည်း သူက အခုလို ပြောပြပါတယ်။

“အရှေ့ကတယောက် ပြေးသွားတယ်၊ ကျွန်တော်တို့ကို ဆံပင် လေးကွက်ကြား တုံးတာတို့၊ အရပ်ဝတ် သိမ်းတာတို့၊ သူနဲ့ ပါသွားတဲ့ အဖွဲ့က လူတွေကို ရိုက်တာတို့၊ ကင်းပတ်စောင့်တယ်၊ အောက်ကို သေးဆင်းပေါက်လို့ မရဘူး၊ ညဖက် ချေးပါလို့ မရဘူး၊ မနက်မိုးလင်းလို့ ရှိရင် ဘုန်းကြီးကျောင်းက စ ခိုင်းပါတယ်။ ထင်းခွေတယ်၊ ရေခပ်တယ်၊ သန့်ရှင်းရေး လုပ်တယ်၊ သစ်ပင်ချိုင်တယ်၊ သစ်ပင်လှဲတယ်၊ နောက်တန်းက ပို့ပေးတဲ့ ဗုံးသီးထမ်းရတယ်၊ ဆန်အိတ် ထမ်းရမယ်။”

အကျဉ်းသား ပေါ်တာတွေထဲမှာ အသက်အရွယ်ကြီးသူ အယောက် ၄၀ လောက် ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အကျဉ်းသား ပေါ်တာတွေအနေနဲ့ မတ်စောက်တဲ့ တောင်တွေပေါ်ကို ၁၂၀ လက်နက်ကြီး ကျည်တွေ ထမ်းတက်ရကြောင်း၊ အခုအချိန်ထိ အကျဉ်းသား ပေါ်တာ ၃၀ ထက်မနည်း ထွက်ပြေး လွတ်မြောက်သွားပြီး ဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။ ပေါ်တာထမ်းရင်း ကျည်သင့် သေဆုံးသူတွေနဲ့ မိုင်းနင်းမိလို့ သေဆုံးသူတွေလည်း အများအပြား ရှိကြောင်း ထွက်ပြေးတဲ့သူတွေကိုလည်း ဖမ်းမိပါက အသေ သတ်ပစ်တဲ့အကြောင်း သူ ပြောပါတယ်။

အခု ထွက်ပြေး လွတ်မြောက်လာတဲ့ ကိုဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ ၆ နှစ်ကျော်က ဧရာဝတီတိုင်း ဟင်္သတာမြို့မှာ လူသတ်မှုအတွက် အစားထိုး ထောင်ကျခံခဲ့ရသူလို့ သိရပါတယ်။ ထောင်ကျစဉ်က သူ့အသက် ၁၆ နှစ်သာ ရှိသေးပြီး အလောင်း ဖျောက်ဖျက်ရန် ကြံစည်အားထုတ်မှုနဲ့ သူ့ကို သာယာဝတီထောင်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-03 22:06

NO GOOD MYANMAR GORMENT