ဖာပွန်ဒေသ စစ်ရေးတင်းမာမှု ဒေသခံထောင်ချီ ဆန္ဒပြ

စောညွန့်သောင်း၊ ကျော်လွင်ဦး
2021.01.06

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ထိန်းချုပ်ရာဒေသတွေမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်နေပြီး တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တပ်မတော်က အင်အားတိုးချဲ့နေတာကြောင့် တိုက်ခိုက်မှုတွေဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေလည်းရှိနေပါတယ်။ ဒီနေ့မနက်ကလည်း ဖာပွန်ခရိုင်မှာ ဒေသခံတွေထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပြီး ဒါဟာ တစ်ပတ်အတွင်း ၂ ကြိမ်မြောက် ဆန္ဒပြကြတာပါ။

ကရင်ပြည်နယ် ဖာပွန် (မူတရော်) ခရိုင် KNU တပ်မဟာ ၅ နယ်မြေ ဒွယ်လိုမြို့နယ်က ကျေးရွာတွေမှာ တပ်မတော်က နယ်ကျော်လာပြီး KNLA တပ်တွေနဲ့ တိုက်ပွဲဖြစ်တာကို ဒေသခံ တစ်ထောင်လောက်က ဇန်နဝါရီလ ၆ရက် ဒီနေ့မနက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

တပ်မဟာ ၅ နယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဆန္ဒပြကြတာလို့ ကရင်လူငယ် ကွန်ရက်အဖွဲ့ (KYN) က အဖွဲ့ဝင် စောကျော်လင်းဦးက ပြောပါတယ်။

“ဒွယ်လိုမြို့နယ်မှာ တပ်အင်အားချထားတာတို့၊ မောင်းသူမဲ့လေယဉ်တွေနဲ့ ဒေသခံအခြေအနေတွေကို လိုက်လံထောက်လှမ်းတာ အဲလိုမျိုးတွေလုပ်တာတွေဆိုတော့ကာ ဒေသခံလူတွေအတွက် လုံခြုံမှုမရှိဘူးပေါ့နော်။ နယ်မြေတွေကျော်လာတဲ့အခါကျတော့ KNLA နဲ့ ပစ်ခတ်မှုတွေဖြစ်လာတဲ့အခါကျတော့ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်ကြရတာပေါ့နော်။ အဲဒါတွေကျတော့ ဒေသခံတွေ လုံခြုံမှုမရှိတဲ့အခါ သူတို့တွေက အဲဒါတွေကို အလိုမရှိကြောင်း ဆန့်ကျင်ကြောင်း ဖြစ်တာပေါ့နော်”

KNUရဲ့ မူတြော်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး စောရော်ဘင်ကလည်း ဆန္ဒပြသူတွေက တိုက်ပွဲတွေဖြစ်နေတာကို KNU နဲ့ နိုင်ငံတကာက ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့မိခင်အဖွဲ့စည်းဖြစ်တဲ့ KNU အဖွဲ့အစည်းကို ဒီကိစ္စအပေါ်ဖြေရှင်းပေးဖို့ တာဝန်ယူပေးဖို့ တစ်ချက်ပေါ့နော်။ နောက်ဒုတိယတစ်ချက်က ဒီလိုထိတွေ့ခံစားရတဲ့ သူတို့ဘဝတွေမှာ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်တဲ့အတွက်ကြောင့် ကုလသမဂ္ဂလည်း ဝိုင်းဝန်းကူညီဖို့ တောင်းဆိုတယ်။ အခုလက်ရှိ KNU နဲ့ ခေါင်းဆောင်နှစ်ဖက် ပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဒီ NCA လုပ်ထားတဲ့အပေါ်မှာ အခုလိုဖြစ်တာဟာ တာဝန်ရှိတဲ့ နှစ်ဖက်ခေါင်းဆောင်တွေ နိုင်ငံတကာ အသိသက်သေတွေ ဒီအခြေအနေပေါ်မှာ ရှင်းပေးဖို့”

တိုက်ပွဲတွေဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး KNU ဗဟိုတွဲဖက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကို မေးမြန်းရာမှာ တွေ့ဆုံညှိနှိုင်းမှုတွေ အားနည်းတာကြောင့်ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကတော့ နှစ်ဘက်ထိတွေ့တဲ့ကိစ္စကို သက်ဆိုင်ရာအကောင်တည်ဖော်မှုတွေ ပတ်သက်ပြီးတော့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး တူညီချက်တွေရရှိမှသာ အကောင်တည်ဖော်ရမယ့်ကိစ္စတွေ ဖြစ်တဲ့အတွက် အချို့သော ကိစ္စတွေက နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုတွေ မရှိဘဲနဲ့ သက်ဆိုင်ရာတစ်ဖက်ကပဲ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို စာနဲ့ပဲ အသိပေးအကြောင်းကြားတဲ့ ပုံစံတွေဖြစ်တဲ့အခါကျတော့ အောက်ခြေမှာ ရှင်းရှင်းလင်းလင်းမရှိနေမှုတွေ ဖြစ်လာတာပေါ့နော်။ အဲဒါကြောင့်မို့လို့ပဲ ဒီထိတွေ့မှုတွေက နှစ်ဖက်ထိတွေ့ ညှိနှိုင်းမှုမရှိတဲ့အခြေခံကနေ ဖြစ်ပေါ်လာခြင်းဖြစ်တယ်”

တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးအဲဒိုကတော့ ဆန္ဒပြတဲ့သတင်းကို သူမသိသေးလို့ မှတ်ချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း ဖာပွန်ခရိုင် လူသောဒေသမှာ ဒေသခံ ကရင်တိုင်းရင်းသား ၁ သောင်းကျော်က သူတို့ဒေသအတွင်းမှာရှိတဲ့ တပ်မတော်စခန်းတွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။

ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နဲ့ သထုံခရိုင် KNU တပ်မဟာ ၁ တို့ ထိန်းချုပ်နယ်မြေတွေမှာလည်း အစိုးရတပ်နဲ့ KNU တို့ကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU တပ်မဟာ ၅ နယ်မြေနဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်း KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာလည်း အလားတူ စစ်ရေးပဋိပက္ခဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေက ခိုးပူ၊ ဆောမီလူ၊ ခဲကောခိုနဲ့ ခဲဒဲကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး KNU နဲ့ တပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

နှစ်ဖက်တပ်တွေ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း တပ်မတော်က စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြောင်းနဲ့ သူတို့ရဲ့ လူမှုဘဝလုံခြုံမှုကို ထိခိုက်စေတယ်လို့ ကရင်လူမှုရေးအဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။

တိုက်ပွဲတွေ ထပ်ဖြစ်ရင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရမယ့် အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်နေကြတာလို့ ကရင်လူမှုရေးအဖွဲ့က စောစိပယ်တယ်က ပြောပါတယ်။

“အရင်က ကျနော်တို့ကြားရတာကတော့ တပ်မဟာ ၅ တို့၊ ၁ တို့၊ အခုတော့ ကျနော်တို့ဘက်ကို ရောက်နေပြီဆိုတော့ ဒေသခံပြည်သူလူထုတွေက ဟိုအရင်တိုက်ပွဲတွေတုန်းက သူတို့တွေလည်း ပြေးခဲ့ကြပြီးပြီ၊ အခုအဲဒီပြန်ဖြစ်မယ်ကျတော့ သူတို့တွေလည်း ကြောက်စိတ်တွေနဲ့ ဒီအခြေနေမျိုး ပိုဆိုးမယ်ဆိုလို့ရှိရင် အခြားဒေသတွေ ဖြစ်သလိုပဲ အရင်ကလို ထွက်ပြေးရမှာပဲ။ ဒီဇင်ဘာ ၂၈၊ ၂၉ ရက်နဲ့ တစ်ကြိမ်၊ ပြီးတော့ ဒီလ တစ်လပိုင်း ၂ ရက်နေ့မှာလည်းဖြစ်တယ်။ သုံးလေးကြိမ်လောက်ရှိပြီးပေါ့ ဒီအောက်ခြေထိတွေ့မှုတွေမှာ”

တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ဒေသခံတွေက မလိုလားဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် NCA အရ နှစ်ဖက်တပ်တွေက လိုက်နာလုပ်ဆောင်ကြဖို့ ကရင်လူမှုရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

လက်ရှိအခြေအနေအရ KNU တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတာကြောင့် တပ်မတော်က KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်နဲ့ကျောက်ကြီးမြို့နယ်တွေကို ဖြတ်သန်းသွားလာတာတွေများလာတာကို ဒေသခံတွေက စိုးရိမ်နေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုကတော့ တပ်မဟာ ၅ မှာဖြစ်နေတယ်လေ။ ဒီဘက် တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ တို့က နီးနီးကပ်ပဲရှိ တယ်ဆိုတော့ ကျနော်တို့ တပ်မဟာ ၅ ကို သွားမယ်ဆိုလို့ရှိရင် ဒီကျောက်ကြီးနဲ့ မုန်းတွေမှာ ဖြတ်ရတယ် ဆိုတော့ ဒီဘက်က ဒေသခံတွေလည်း စိတ်ပူနေကြတယ်။ ဒေသခံတွေရဲ့ ထုတ်ပြန်ချက်အရ ဒီ NCA အရ ဖွံ့ဖြိုးရေးလုပ်တာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးလမ်းစဉ်အရ သွားတာပဲဖြစ်ဖြစ် NCA လမ်းစဉ်အရ နှစ်ဦးနှစ်ဖက် NCA အတိုင်းသွားရတော့ ကျနော်တို့ ဒေသခံတွေအတွက် ကောင်းတာပေါ့”

NCA ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့ KNU နဲ့ တပ်မတော်တို့ တိုက်ခိုက်မှုတွေဖြစ်နေပြီး ဒေသခံတွေ နေ့စဉ်လုပ်ကိုင်စားသောက်မှုတွေမှာ ထိတ်လန့်မှုတွေရှိနေတာဟာ မဖြစ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက NCA အရက ညှိနှိုင်းပြီးတော့ လုပ်ဆောင်တဲ့အနေထားတွေရှိတယ်။ အခုက တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်တဲ့ဟာမျိုးရှိတာပေါ့။ ဒေသခံအနေနဲ့ ပြောရရင်ဆိုတော့ ဒါတွေက မလိုလားအပ်တဲ့ ဟာတွေပဲလေ။ ဒီဒေသမှာရှိနေတဲ့သူတွေရဲ့ လုပ်ကိုင်စားသောက်မှုတွေ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုတွေ ဖြစ်စေတာပေါ့။ ဒါတွေက မဖြစ်သင့်တဲ့ သဘောလို့မြင်ပါတယ်”

KNU ကျောက်ကြီးမြို့နယ် ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးကတော့ ဒီဇင်ဘာလကုန်က တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး အခုချိန်မှာ နှစ်ဖက်တပ်တွေ အေးအေးဆေးဆေး ဖြစ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ ကြားသေးတယ်။ အခုကတော့ အေးဆေးပါပဲ။ အားလုံးတော့ သေချာမသိဘူး။ သိရတာက ကျောက်ကြီးနဲ့သွားတဲ့ ငွေဆယ်ကြားမှာ ဖြစ်တယ်။ လတ်တလောမှာတော့ နှစ်ဖက်တပ်တွေမှာတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ ဒေသခံတွေက လောလောလတ်လတ်ဖြစ်ထားတဲ့အခါကျတော့ အရင်တုန်းက ဖြစ်ထားတဲ့အခါမရှိဘူးဆိုတော့ ပိုပြီးစိုးရိမ်ကြောက်ရွံ့မှုတွေရှိလာတာပေါ့။ အဲမှာ ဥယာဉ်ခြံတွေ လုပ်ငန်းကိုင်ငန်း ရှိနေကြတဲ့အခါကျတော့”

တပ်မတာ်က စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေ ပြောဆိုချက်နဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးကတော့ KNU နဲ့ တပ် နယ်မြေသတ်မှတ်မှု ညှိနှိုင်းလို့အဆင်မပြေတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။

“အဲနေရာတွေကတော့ တပ်မဟာ ၃ ဖြစ်တဲ့နေရာ တပ်မဟာ ၅ ဖြစ်တဲ့နေရာတွေက အသစ်မဟုတ်ဘူးဗျ၊ အရင်တုန်းကတည်းကရှိတယ်၊ အရင်တုန်းကလည်းဖြစ်တယ်၊ ဖြစ်ရတဲ့အကြောင်းကတော့ နယ်မြေသတ်မှတ်တဲ့ကြားထဲမှာ သဘောတူညီမှု မရတာတွေဖြစ်လာတယ်၊ အရင်တုန်းကတော့ တပ်တွေနှစ်ဖက်ကြားထဲမှာ အသွားအလာကိစ္စတွေဆိုရင် နှစ်ဖက်ညှိနှိုင်းသွားကြလာကြတဲ့အခါကျ ပြဿနာမရှိဘူး”

ညောင်လေးပင်ခရိုင်အတွင်းမှာ ၂၀၁၀ မတိုင်ခင်က တိုက်ပွဲတွေဖြစ်ခဲ့တာရှိပေမယ့် အစိုးရနဲ့ KNU တို့ NCA ထိုးပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ခဲ့တာမရှိဘဲ ပြီးခဲ့တဲ့လကုန်ကမှ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။