နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ရဲ့ (၂/၈၈) အမိန့်ကို ပယ်ဖျက်
2013.01.29
(၂/၈၈) အမိန့်ဟာ ဆူပူလှုံ့ဆော်ခြင်း၊ လူ ၅ ယောက်နဲ့အထက် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းနဲ့ လမ်းများပိတ်ဆို့ပြီး လူစုလူဝေးနဲ့ ဆန္ဒပြခြင်းတွေကို တားဆီးထားတဲ့ အမိန့်ဖြစ်ပါတယ်။
ဒီအမိန့်ကို ပယ်ဖျက်လိုက်ပေမယ့် မကြာသေးမီက လွှတ်တော်မှာ အတည်ပြု ပြဌာန်းလိုက်တဲ့ ဥပဒေပုဒ်မ (၁၈) နဲ့ ဆန္ဒပြသူတွေကို ဆက်လက်အရေးယူသွားနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးက RFA ကို ပြောပါတယ်။
" (၂/၈၈)က အမိန့် ကြေညာစာပဲလေ ဥပဒေမှမဟုတ်ပဲ၊ စစ်အစိုးရတက်လာတဲ့အခါမှာ နိုင်ငံကိုအုပ်ချုပ်ရအောင် ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာစာပဲ၊ အဲဒီ့အုပ်ချုပ်တဲ့ စစ်အစိုးရလဲ မရှိတော့ဘူးဆိုရင် ဒီအမိန့်က မလိုအပ်တော့ဘူးလို့လဲထင်တယ်၊ ခုနောက်ပိုင်းလုပ်နေတာ ဥပဒေပုဒ်မ (၁၈) နဲ့လုပ်နေတာပဲ ခွင့်ပြုမိန့်မရပဲ လူစုလူဝေးလုပ်တယ်၊ ဆန္ဒပြတယ်ဆိုရင် ပုဒ်မ (၁၈) နဲ့ စွဲသွားမှာပဲ" လို့ ပြောပါတယ်။