ဝန်ကြီးတွေ လုံခြုံရေးကြောင့် ရပ်ရွာလုံခြုံရေး လျော့ကျ
2011.05.29

မြစ်ကြီးနားမြို့နဲ့ ပတ်ဝန်းကျင်မှာ ရပ်ရွာလုံခြုံရေး တာဝန်ယူတဲ့ ရဲတပ်ဖွဲ့အင်အားဟာ နဂိုကထဲက သတ်မှတ်ချက် အရေအတွက် မပြည့်မီဘူးလို့ သိရပါတယ်။ ဒါ့အပြင် မေလ ၁၇ ရက်နေ့က ဦးသိန်းစိန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ရာဇဝတ်အကျဉ်းသားတွေ လွတ်လာပြီးနောက်ပိုင်းမှာ ရာဇဝတ်မှုတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ည ၇ နာရီ ၈ နာရီ၊ မှောင်ရိပ် သမ်းလာတာနဲ့ လုယက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မြစ်ကြီးနားမြို့ဟာ နဂိုကတည်းက လူဝင်လူထွက်များတဲ့ မြို့ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖို့ မြန်မာနိုင်ငံ အနှံ့က လူတွေ လာရောက်နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ဒါကြောင့် လုယက်ပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရဲက ခြေရာခံလို့ မလွယ်ကူဘဲ အရေးလည်း မယူနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီးတွေရဲ့ လုံခြုံရေးတာဝန် ယူထားရတဲ့အတွက် ပတ္တရောင် သိပ်မလှည့်နိုင်ဘူးလို့လည်း ဆိုပါတယ်။
အစိုးရ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် မြန်မာတနိုင်ငံလုံးက အကျဉ်းသား တသောင်း လေးထောင်ကျော် လွတ်မြောက်လာပေမယ့် အများစုက ရာဇဝတ်သားတွေပဲ ဖြစ်ပြီး လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဦးရေ ၅ဝ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။