ပုလောမြို့နယ်က ရွာသုံးရွာ မီးရှို့ခံရပြီး နေအိမ် ၅၀ ကျော်ပျက်စီး

RFA Burmese
2022.12.31
ပုလောမြို့နယ်က ရွာသုံးရွာ မီးရှို့ခံရပြီး နေအိမ် ၅၀ ကျော်ပျက်စီး တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်က တိုရွာ၊ တန်းရှင်းရွာနဲ့ သင်္ကန်းတောရွာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့တာကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီရဲ့ယာဉ်တန်းတစ်ခု တိုရွာအနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် တိုရွာကို မီးစရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီကား မိုင်းဆွဲခံရပြီး နောက်ပိုင်း ရွာထဲကိုဝင်ပီး မီးရှို့ဖျက်ဆီးသွားတာပါ။ တန်းရှင်းရွာကိုတော့ ၂ နာရီ ကျော်ကျော်လောက် မီးရှို့တာပါ။ သင်္ကန်းတောရွာကိုတော့ ညနေ ၅ နာရီလောက် ရှို့ပါတယ်။ သုံးရွာပေါင်းဆို အိမ်ခြေပေါင်း ၇၀၀ ကျော်လောက် ရှိမယ်။ ခန့်မှန်း ၅၀ ဝန်းကျင်လောက်တော့ မီးလောင်သွားပါတယ်”

မနေ့မှာပဲ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းဒေသခံလေးဦး အဖမ်းခံခဲ့ရပြီး ဒီနေ့အထိတော့ ပြန်လွတ်လာတယ်လို့ မကြားရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာတော့ မီးရှို့ခံရတဲ့ ရွာတွေက ဒေသခံတချို့ ရွာထဲကို ပြန်ဝင်နေကြတာရှိသလို တချို့ကလည်း ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သင်္ကန်းတောရွာအလွန် ကဒဲရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ RFA ကို ၂၀၂၂ ခုနှစ်၊ ဇွန်လက ငြင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကတော့ မနေ့က ရှေ့တန်းထွက်လာတဲ့ စစ်ကြောင်း တိုရွာအနီးအရောက်မှာ မိုင်းဆွဲတိုက်ခိုက် ခံရသလို ရပ်ရွာတွေကိုအခြေပြု တိုက်ပွဲဖော်ဆောင်တဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပြီး နေအိမ်ငါးလုံး မီးလောင်ပျက်စီးသွားခဲ့တာလို့ ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်တွေကိုလည်း အဆောက်အအုံအပေါ်မူတည်ပြီး ထောက်ပံ့ကြေး နှစ်သိန်း၊ သုံးသိန်း ပေးသွားမယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းကို စောင့်ကြည့်လေ့လာနေတဲ့ Southern Monitor ရဲ့ အချက်အလက်တွေ အရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ စစ်ကောင်စီ တပ်သားတွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့တာကြောင့် နေအိမ် ၁၀၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။