စာမေးပွဲမေးခွန်းမှာ ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖေါ်ပြ
2014.12.17
မနေ့ကကျင်းပခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် စတုတ္ထတန်းစာမေးပွဲ မြန်မာစာမေးခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အစား ဖေဖော်ဝါရီ ၁၅ ရက်လို့ မှားယွင်းဖော်ပြခဲ့ပါတယ်။ မေးခွန်းမှာပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ မှားယွင်းနေကြောင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ စတုတ္ထတန်းကျောင်း သား မိခင်တစ်ဦးက ပြောပြပါတယ်။
"အောက်ပါစားသားကိုဖတ်ပြီး ပေးထားသော မေးခွန်းများကို ဖြေဆိုပါတဲ့၊ အဲ့လိုရေးထားတာ၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားသည်တဲ့၊ အဲ့တစ်ခုကမှားနေတာ"
မေးခွန်းဟာ မှားယွင်းနေပေမဲ့ စာသင်ခန်းထဲမှာ သင်ကြားထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့လို့ ပြင်ဆင်ခဲ့တယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ စတုတ္ထတန်း ကျောင်းသားတစ်ဦးက ပြောပါတယ်။
"အဲ့ဒါက ဆရာမတွေ မေးခွန်းမေးတဲ့အထဲမှာ မှားနေတာ၊ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖော်ဝါရီလ ၁၃ ရက်မှာ မွေးဖွားသည်လို့ရေးတာ၊ အခုကျမှ ဖေဖော်ဝါရီလ ၁၅ ရက်ဖြစ်သွားတာ၊ မေးခွန်းရိုက်ထည့်ကတည်းက မှားနေတာ"
စတုတ္ထတန်းကျောင်းသားတွေ မနေ့က ဖြေဆိုရတဲ့စာမေးပွဲဟာ အစမ်းစာမေးပွဲဖြစ်ပြီး အတန်းတင် စာမေးပွဲကြီးကိုတော့ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလထဲမှာ စစ်ဆေးလေ့ရှိပါတယ်။