ကင်တားနားပြောဆိုချက် မြန်မာ အစိုးရ ငြင်းပယ်


2013.08.22
mikehtila-police-305.jpg မိတ္ထီလာမြို့အတွင်း သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေစဉ်
photo: RFA/Kyaw Zawe Win

မြန်မာနိုင်ငံခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဆန္ဒပြလူအုပ်က အကြမ်းပတမ်းပြုမူခဲ့ကြပေမယ့် အာဏာပိုင်တွေက အကာအကွယ်မပေးဘဲ ဥပေက္ခာပြုနေခဲ့ကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Ojea Quintana ပြောဆိုခဲ့တာဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ မြန်မာအစိုးရက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲထွဋ်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ  မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘယ်လိုဘေးအန္တရာယ်မျိုးနဲ့မှ  မကြုံတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ ဆန္ဒပြသူတွေက မစ္စတာကင်တာနားရဲ့ယာဉ်တန်း အနီးချဉ်းကပ်ခဲ့ကြတာဟာ စာတစ်စောင်နဲ့ တီရှပ်တစ်ထည်ပေးဖို့သာဖြစ်ကြောင်း၊ ဆန္ဒပြသူတွေကို ကြိုတင်လူစုခွဲခိုင်းခဲ့တဲ့အတွက် မစ္စတာ ကင်တားနား ရောက်လာတဲ့အခါ လူတစ်ရာလောက်သာရှိတော့ကြောင်း၊ ယာဉ်တန်းကို ရဲကားတစ်စီးက စောင့်ကြပ်လိုက်ပါနေပြီး၊ ရဲအရာရှိ ၃ဝ က လူအုပ်ကို ထိန်းသိမ်းနေကြောင်း၊ မစ္စတာ ကင်တားနားကို ရဲတပ်ဖွဲ့က စောင့်ရှောက်နေသလို၊ ဆန္ဒပြသူတွေကလည်း သူ့ကိုရန်မူဖို့ ရည်ရွယ်ချက်မရှိကြကြောင်း၊ ရဲတပ်ဖွဲ့လမ်းရှင်းပေးတဲ့အတွက် မစ္စတာကင်တာနားရဲ့ယာဉ်တန်းဟာ ဘေးမသီရန်မခ ထွက်ခွာသွားခဲ့ကြောင်း ဦးရဲထွဋ်က AP သတင်းကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး အောင်မင်းကလည်း ဒေသခံလူထုက မစ္စတာကင်တာနားကို စာတစ်စောင်ပေးဖို့နဲ့ ဓါတ်ပုံတချို့ပြဖို့ ကြိုးစားခဲ့ကြရာမှာ အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားမှန်တံခါးတွေကိုပုတ်ပြီး လူအုပ်ကြားကနေ မောင်းထွက်သွားဖို့ အချက်ပြခဲ့တဲ့အပေါ် နားလည်မှုလွဲမှားသွားတာသာ ဖြစ်တယ်လို့ဆိုပါတယ်။ မိတ္ထီလာခရိုင် ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကလည်း RFA ကို အခုလိုပြောပါတယ်။
"ဆန္ဒပြတယ်ဆိုတာ ကန့်ကွက်တာတို့ ဘာတို့ ညာတို့ တီရှပ်တွေ၊ ဘာတွေနဲ့ ပြင်ဆင်ထားတယ်၊ လုံခြုံရေးချထားတယ်၊ ဟိုကလာတော့ အိတ်ပိတ်ပေးစာ တံခါးမဖွင့်ပေးဘူးဆိုတော့ ရှင်းရှင်းပြောရင် တံခါးဖွင့်ခိုင်းတာပေ့ါနော်၊ အယောက်နှစ်ရာမရှိပါဘူး၊ မလာဘူးဆိုပြီး ပြန်ဖို့ပြောချိန်မှာ သူတို့ရောက်လာတော့ လူက ၁ဝဝ လောက်တောင်မရှိဘူး၊ ကျွန်တော်တို့ဘက်က တိုက်ခိုက်ခံရတာ မဟုတ်ပါဘူး၊ ဒီလိုလည်း ဖြစ်လို့မရဘူး၊ ဒီမှာသွားလာနေတဲ့ ဖြစ်စဉ်တွေက ဒီလိုလည်း ဖြစ်လို့မရပါဘူး"

ဒီအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာနေတာတွေ့မြင်ခဲ့ရကြောင်း၊ ဆက်လက်တိုးတက်လာနိုင်ခြေရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ခဲ့ရကြောင်း၊ ဒါပေမဲ့တချိန်တည်းမှာလည်း တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ ဘာသာရေး အမုန်းတရားတွေ ပြန့်ပွားအောင်လှုံ့ဆော်နေတာတွေ တားဆီးရေးတွေဟာ အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ကင်တားနားက မိတ္ထီလာမြို့မှာ သြဂုတ်လ ၁၉ ရက် ညက ဆန္ဒပြသူတချို့ကနေ သူလိုက်ပါတဲ့ယာဉ်တန်းကို အကြမ်းဖက်ခဲ့ကြစဉ်မှာ အာဏာပိုင်တွေရဲ့ ကာကွယ်စောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မိတ္ထီလာခရိုင် ရဲတပ်ရင်းစုမှူး၊ ရဲမှူးကြီး ဦးထွန်းနိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။