မြောက်ဦးနဲ့ ဘူးသီးတောင်မှာ နှစ်ရက်အတွင်း ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရ


2020.04.28



ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး ဧပြီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညနေ ၄ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီတပ်မတော်စစ်ကြောင်းက ပစ်ခတ်လို့ ထမင်းဆိုင်မှာရှိနေတဲ့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ အလယ်ဈေးတံတားနဲ့ Prince ဟိုတယ်ကြားမှာဖြစ်ပြီး အခင်းဖြစ်နေရာနဲ့ မီတာ ၉၀ဝ ကျော်ဝေးတဲ့ မြောက်ဦးစာတိုက်ဘေး မြဝါတောင်ခြေရင်းက ထမင်းဆိုင်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာပါ။

အခင်းဖြစ်နေရာအနီးမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက တပ်မတော်စစ်ကြောင်းကို မိုင်းခွဲသံထွက်ပေါ်လာပြီးနောက် တပ်မတော်က မြို့တွင်းထဲကို အချိန် ၁ နာရီနီးပါးလောက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“မြို့ထဲမှာရှိတဲ့စစ်ကြောင်းက ခမရ-၅၄၀ တပ်ရင်းဘက်ကိုသွားတယ်။ အဲဒီလိုသွားနေတဲ့အချိန် Prince ဟိုတယ်နားမှာ မိုင်းကွဲတယ်။ အသံကတအားကျယ်တယ်။ ဂျိန်းခနဲ တလုံးကွဲတယ်။ မိုင်းခွဲပြီးတာနဲ့ ဖြိုပစ်တာ။ တစ်နာရီနီးနီးလောက်ကြာတယ်”


လက်နက်ကြီးကြောင့် ထမင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မမိငယ်၊ အသက် ၁၈ နှစ်အရွယ် မမြမြအေး၊ ဆိုင်ရှင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးညီညီမောင်နဲ့ အသက် ၆၅ နှစ်အရွယ် အဖွားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒဏ်ရာရသူ ဦးညီညီမောင်က တပ်မတော်က မြို့ထဲဘက်ကို ပစ်ခတ်နေချိန်မှာပဲ သူ့ရဲ့ထမင်းဆိုင်ကို ထိမှန်ခဲ့တယ်လို့ပြောပါတယ်။

“Prince ဟိုတယ်နားမှာဖြစ်နေကြတာကို ကျွန်တော်ကမသိဘူး။ ကျွန်တော်တို့က ဆိုင်မှာထိုင်နေကြတာပါ။ အဲဒီအချိန်မှာ လက်နက်ကြီးကျည်လာကျတာပါ။ တပ်မတော်က လက်နက်ငယ်ရော လက်နက်ကြီးပါ မြို့ထဲကိုလှမ်းပစ်လို့ အခုလိုလာကျတာပါ။ မြန်မာ့တပ်မတော်ကပစ်တာပါ။ အခုဒီနေ့လည်း မြို့ထဲမှာ သူတို့ရှိနေတယ်”

လက်နက်ကြီးကျည်က ဆိုင်ရှေ့ပိတောက်ပင်ကနေတဆင့် သူရဲ့ဆိုင် ခေါင်မိုးကနေ ဖောက်ဝင်ပြီး အထဲမှာရှိနေတဲ့သူတွေကို ထိခိုက်ခဲ့တာပါ။ လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံကို တင်ထားရပါတယ်။

အလားတူ ဧပြီလ ၂၆ ရက်နေ့မနက်ကလည်း ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီးက တောင်တန်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်ရာကနေ ရွာထဲကို လက်နက်ကြီးကျည်တွေ အဆက်မပြတ်ကျရောက်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသူ မဆန်းမေမှာ ပခုံးမှာ လက်နက်ကြီး အစတွေထိမှန်လို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရကျောင်းသူရဲ့ အမေဖြစ်သူ ဒေါ်မတင်လှက သူတို့နေအိမ်ထဲကို လက်နက်ကြီးကျည်တွေ ၃ ချက် လောက်ကျခဲ့တယ်လို့ပြောပါတယ်။

“တနင်္ဂနွေနေ့ မနက် ၉ နာရီကျော် ၁၀ နာရီလောက်မှာ  သမီးလေးနဲ့အတူ ပုရစ်တူးသွားခဲ့ပါတယ်။ ပုရစ်တူးပြီးအပြန် အိမ်မှာရေသောက်နေတုန်း လက်နက်ကြီးကျည်ကျလာတာပါ။ အိမ်သာခုံပေါ်မှာ တချက်ကျပါတယ်။ ကျည်စတွေက ဖြန်းဆိုပြီး ဖြာထွက်သွားပါတယ်။ ကျွန်မက ကလေးတွေကို လိုက်ရှာနေတုန်း အိမ်ခေါင်ပေါ်မှာလည်း လာကျပါတယ်။ ကျွန်မလည်း ကလေးတွေကို ခေါ်ပြီး အိမ်ကနေ ထွက်ပြေးပါတယ်။ ဒဏ်ရာရတဲ့သမီးလေးက ကျွန်မနောက်က ကျန်ခဲ့ပါတယ်။ ကျွန်မက ၃ နှစ်အရွယ် ကျွန်မကလေးကို ချီပြီးထွက်ပြေးရပါတယ်။ ဘုန်းကြီးကျောင်းကို ဝင်ပြေးနေစဉ်မှာလည်း ကျောင်းပေါ်ကို တချက် ထပ်ကျလာပါတယ်”


ကံ့ကော်မြိုင်ကျေးရွာဟာ အိမ်ခြေ ၁၂၀ ခန့်ရှိတဲ့ နတလ ကျေးရွာတရွာဖြစ်ပြီး အဲဒီနေ့ကဖြစ်စဉ်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီကံ့ကော်မြိုင်ကျေးရွာအနီးမှာပဲ မနေ့က တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်တာကို လှမ်းမြင်ရတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မြောက်ဦးမှာ တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်တဲ့ကိစ္စအပြင် ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာက ကျောင်းသူ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က မေးမြန်းရာမှာ - မြောက်ဦးဘက်မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ကြောင်း၊ ဘူးသီးတောင်ဘက်မှာ နှစ်ဖက် ထိတွေ့မှုတွေရှိခဲ့သလို ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးအကြားမှာလည်း AA တပ်ရှိရာကို တပ်မတော်ဘက်က ဝင်ရောက်လာတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ကြောင်း RFA ကို ပြောပါတယ်။ မြောက်ဦးက ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့တော့ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ အရပ်သားတွေအပေါ် လူမျိုးရေးအရ အငြိုးအတေးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာသာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

မနေ့က မြောက်ဦးမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ကိစ္စ၊ တပ်မတော်က မြို့ထဲဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ကိစ္စ၊ အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရတဲ့ကိစ္စနဲ့ ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေတဲ့ကိစ္စ၊ ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရတဲ့ကိစ္စစတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ပြောကြားချက်ရရှိဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းရာမှာ သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွ န်းက မနေ့က မြောက်ဦးမြို့ အရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရာတာ ရှိကြောင်း၊ အဲဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ပြန်လည်ပစ်ခတ်တာရှိကြောင်း၊ ဒါပေမယ့် အရပ်သားတွေနဲ့ ဝေးတဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ အဓိပ္ပာယ်မရှိကြောင်း ဖြေကြားပါတယ်။ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းအနီး ကံကော်မြိုင်ကျေးရွာဘက်မှာ ၂၆ နေ့က AA ယာယီစခန်းတခုကို သိမ်းပိုက်ခဲ့တာရှိကြောင်း တပ်မတော်ဘက်မှာလည်း ထိခိုက်ဒဏ်ရာရတာရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုမရှိကြောင်း အရင်က RFA ကို ဖြေကြားဖူးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်ကာလမှာ တိုက်ပွဲတွေကို ရပ်ထားဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းနေကြပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေမရပ်ဘဲ ဆက်ရှိနေ တာပါ။

မင်းပြားမြို့နယ် စိတ္တရ၊ ကျောက်မော် ကျေးရွာဘက်က တောင်တန်းတွေမှာ ဒီနေ့မနက် ၁၀ နာရီလောက်ကနေစလို့ တနေကုန်တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာတော့ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပြီး ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုကလည်း ပိုများလာနေတာပါ။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၂၇ ရက်နေ့အထိ အချိန် ၂လတာ ကာလမှာ သေဆုံးတဲ့ အရပ်သား ၁၀ဝ ခန့်ရှိနေသလို ထိခိုက်ဒဏ်ရာရသူဟာလည်း ၂၂၀ ကျော်အထိရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။