ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ရှင်းလင်း


2013.04.29
rakhine-conflict-investigation-press-conference-305.jpg ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့စဉ်
Photo: RFA

ပြီးခဲ့တဲ့ ဧပြီလ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်က ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတာဟာ ကောလဟာလကို အစပြုပြီး သူ့ဘက်၊ ကိုယ့်ဘက်အစွဲကြောင့် ဖြစ်ပွား ရတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်တဲ့ ဒေါက်တာ ကျော်ရင်လှိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီပဋိပက္ခတွေ ဖြစ်တယ်ဆိုတာ အားလုံးလည်းသိတဲ့အတိုင်းပဲ သူ့ဘက်ကိုယ့်ဘက် အမျိုးမျိုးပြောကြတာ၊ ဘယ်ဟာတွေကတော့ ဘယ်အတိုင်းအတာလောက်ထိ ဖြစ်နိုင်တယ်၊ ဘယ်ဟာတွေကတော့ မဖြစ်နိုင်ဘူးဆိုတာ၊ ဒါကိုကျနော်တို့ အသေးစိတ်ပြောခဲ့တာရှိပါတယ်၊ ပျက်စီးဆုံးရှုံမှုတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ အခြေခံပြီး ပြောခဲ့ဆိုခဲ့တာတွေရှိတယ်၊ လက်ရှိအခြေအနေနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တင်ပြခဲ့တာတွေရှိပါတယ်၊ စီးပွားရေးအဆင်မပြေမှုက ပဋိပက္ခကို ပိုဆိုးလာနိုင်တယ်ဆိုတာ ပြောပါတယ်"

အဲဒီအခြေအနေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ နောင်အနာဂတ်မှာ အဲဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားစေဖို့အတွက် ၂၀၁၂ခုနှစ်၊ သြဂုတ်လမှာ အဖွဲ့ဝင်၂၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ အဲဒီကော်မရှင်က အဲဒီဒေသခံနှစ်ထောင်ကျော်ကို ပဋိပက္ခဖြစ်ပွားမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းချက်တွေပြုလုပ်ပြီး အစီရင်ခံစာကို ထုတ်ပြန်အကြံပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ သမိုင်း၊ လူမှုရေး သိပ္ပံပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်တွေ ပါဝင်ကြပြီး အစီရင်ခံစာမှာ လူမျိုးစုတစ်စု(သို့)အဖွဲ့အစည်းတစ်ခုခုကို ဦးတည်ပြီး အပြစ်တင်တာမျိုး မပြုလုပ်ဘဲ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကိုသာ ဦးတည်ပြီး အကြံပြုတင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မရတနာဦးက သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။