ရခိုင်အဆို တင်ခွင့်မပြုတဲ့ကိစ္စ ဦးဝင်းမြင့် ရှင်းလင်း
2017.08.31

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ပြီးဖြစ်တဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းရဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေကို အပြင်းအထန်ရှုတ်ချကြောင်း အရေးကြီးအဆိုကို တင်သွင်းခွင့် မပြုတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောပါတယ်။
ဒီကနေ့ လွှတ်တော်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေကို အပြင်း အထန်ရှုတ်ချကြောင်း အဆိုကို ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အခုလို ပြန်လည်ဖြေကြားလိုက်တာပါ။
"အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းသည် ပြင်းထန်စွာရှုတ်ချခြင်းထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်တယ်"
လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ ရခိုင်အရေးအဆိုတချို့ကို ပြည်သူ့လွှတ်တော်က လက်မခံတာဟာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီလို့လည်းဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောပါတယ်။
ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ ရခိုင်အရေးအရေးကြီးအဆိုကို မှတ်တမ်းသာတင်စေခဲ့လို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုလည်း အထွေထွေသဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးကိစ္စပေါ် မူတည်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောပါတယ်။