ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.03.31

မြန်မာ့တပ်မတော်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို အကြမ်းဖက် ပစ်ခတ်သတ် ဖြတ်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ဖို့လိုတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာန်းလွတ် မြောက်ရေးတပ်နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပေါင်းစည်းထားတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာတွေကို မရပ်ဘူးဆိုရင် မြန်မာ့နွေဦးတော် လှန်ရေး ဆင်နွှဲနေကြတဲ့ ပြည်သူတွေနဲ့အတူ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။၏

ဒီမတ်လကုန်မှာ သက်တမ်းပြည့်သွားပြီဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထုတ်ပြန်သင့်၊ မသင့်ကိုလည်း စဉ်းစားနေတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က RFA ကို မနေ့ညနေက ပြောပါတယ်။

“သူတို့က ဒီလိုမျိုးအကြမ်းဖက် နှိမ်နင်းတာတွေပြုလုပ်နေတဲ့အပေါ်မှာ ဆက်ပြီးတော့ ထုတ်ဖို့၊ မထုတ်ဖို့ကို ပြန်ပြီးသုံးသပ်နေတာပေါ့နော်။ အဖွဲ့သုံးဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဆွေးနွေးနေတာဖြစ်တယ်”

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ရေးကို လအလိုက် ထုတ်ပြန်လာခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်က ဒီနေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်ကြောင့် ဆန္ဒပြပြည်သူတွေကြားမှာ စိတ်ခွန်အားရတာ တွေ့နေရပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ အချိန် ၅ လကြာ တိုက်ပွဲတွေရပ်ဆိုင်းနေခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ တကြော့ပြန်ဖြစ်လာမလားဆိုတာကို ဒေသခံတွေ စိုးရိမ်လာပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရီးသည်တင် ကားဒရိုင်ဘာတစ်ဦးက သူ့ စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်မှုတော့ ရှိတာပေါ့။ တိုက်ပွဲတွေဖြစ်ပြီဆိုရင် ပြည်သူလူထုတွေက အဆင်မပြေဘူးလေ။ သူတို့ချင်း မပြေလည်ရင်တော့ ဖြစ်လာနိုင်တယ်ပေါ့။ ဒါပေမဲ့ မဖြစ်ဘူးလို့လည်း ပြောလို့မရဘူး၊ ဖြစ်လာမယ်လို့လည်း ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ မခန့်မှန်းတတ်ဘူး”

တိုက်ပွဲတွေရပ်နေပေမယ့် စစ်တွေ-မြောက်ဦး-မင်းပြား လမ်းတစ်လျှောက်မှာ တပ်မတော်စစ်ဆေးရေး ဂိတ်တွေရှိနေဆဲဖြစ်ပြီး ခရီးသည်တင် မော်တော်ကားတွေလည်း စောင့်ကြည့်စစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။

လူမှုရေးကူညီရေးတွေလုပ်နေတဲ့ ရသေ့တောင်မြို့ခံ ကိုဘက္ကာကလည်း လက်ရှိအေးချမ်းနေတဲ့ အခြေနေကို ပျက်စီးမသွားချင်ဘူးလို့ ပြောပါတယ်။

“အကုန်လုံးကတော့ အေးအေးချမ်းချမ်းနေချင်တာပေါ့လေ။ ကျွန်တော်တို့ ပြည်သူတွေကတော့ အခုငြိမ်းချမ်းနေတော့ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရတယ်။ စစ်ရေးအခြေအနေတွေ ပြန်ပြီးတော့ တင်းမာလာခဲ့မယ်ဆိုရင်တော့ ပြည်သူတွေကတော့ ဟိုတုန်းကခံခဲ့ရတဲ့ ဒုက္ခတွေကိုပြန်ပြီးတော့ ခံရတော့မှာပေါ့”

ရခိုင်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်းကတည်းက ဒီနေ့အထိ တိုက်ပွဲတွေရပ်နေပေမယ့် စိုးမိုးတောင်ကုန်းတွေပေါ်မှာ နေရယူထားတဲ့ တပ်မတော် အင်အားတွေ ကတော့ အရင်အတိုင်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(AA) နဲ့ စစ်တပ်ရဲ့ အပစ်အခတ်ရပ်စဲတာကလည်း လက်မှတ်မထိုး စာချုပ်မချုပ်ဘဲ နားလည်မှုနဲ့ရပ်ထား ကြတာဖြစ်လို့ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဒေသခံရပ်ရွာလူကြီးတွေက သုံးသပ်နေကြ ပါတယ်။

ဒါပေမဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေနဲ့ ရခိုင်ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်လာမယ့် အခြေအနေမတွေ့ရဘူးလို့ ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ပြောပါတယ်။

“တိုက်ပွဲတွေပြန်ဖြစ်မယ်လို့တော့ လောလောဆယ် မယုံကြည်သေးဘူး။ ဘာလို့ဆို နှစ်ဖက်တင်းမာမှုက မရှိဘူး။ တိုက်ပွဲဖြစ်မယ်ဆိုရင် နှစ်ဖက်စလုံးတင်းမာမှု ရှိဖို့လိုတယ်။ နောက် အင်အားဖြည့်တင်းမှု တွေရှိရမယ်။ အခုက အဲဒီအခြေအနေမျိုး မရှိသေးဘူး။ လောလောဆယ် အခုတစ်လလောက်အတွင်းမှာ ဖြစ်လာနိုင်ခြေ မရှိသေးဘူး။ စစ်ကြောင်းလှုပ်ရှားမှုကလည်း မရှိသလောက်ပါပဲ။ တစ်ချို့ရှိနေတာကလည်း ညှိနှိုင်းပြီးသွားနေကြတာလို့ ယူဆရတယ်။ မိုင်းရှင်းလင်းရေးတို့၊ ရပ်ရွာတည်ဆောက်ရေး အပိုင်းတို့ လောက်ပဲ လှုပ်ရှားတာတွေ့ရတယ်။ နှစ်ဖက်စလုံးက တင်းမာမှုမရှိဘူး၊ အင်အားတိုးတာလည်း မတွေ့ ရဘူး”

ရက္ခိုင့်တပ်တော်(AA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်၊ မဖြစ်ဆိုတာက မြန်မာစစ်တပ်အပေါ်မှာသာ မူတည်တယ်လို့ RFA ကို ပြောပါတယ်။

“ရခိုင်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကတော့ မြန်မာစစ်တပ်အပေါ်မှာ အများကြီး မူတည်တယ်ဗျ။ သူတို့ဘက်က ထိုးစစ်တွေဆင်လာရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်မှာပေါ့နော်။ အခုပဲ ကြည့်လေ ကရင်ပြည်ဘက်မှာရော ကချင်ပြည်ဘက်မှာရော မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဆိုတော့ တခြားနေရာတွေမှာလည်းပဲ တိုက်ပွဲတွေဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကတော့ မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုနဲ့ ရှေ့မှာဖြစ်ပေါ်လာမယ့် အခြေအနေတွေ အရပ်ရပ်အပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်”

လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA) ဖွဲ့စည်းတဲ့ ၁၂ နှစ်မြောက်ဖြစ်လို့ တပ်တော်နေ့ကို ရခိုင်ဒေသတွင်းမှာ ကျင်းပဖို့ပြင်ဆင်နေသလို စစ်ရေးလှုပ်ရှားမှုတွေကလည်း ငြိမ်သက်နေပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား ၂ နှစ်နီးပါးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၃၀၀ ကျော်သေဆုံးပြီး ၇၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သလို လူပေါင်း တစ်သိန်းသုံးသောင်းကျော် စစ်ပြေးဒုက္ခ သည်အဖြစ် စခန်းတွေ နီးစပ်ရာတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။