ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ
2012.05.19

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။
ရန်ကုန်တက္ကသိုလ် ဆိုတာ ပြည်သူတရပ်လုံးက ပိုင်ဆိုင်တဲ့ အမျိုးအသား အမွေအနှစ်ဖြစ်တဲ့ အကြောင်း၊ တက္ကသိုလ် သမိုင်းဦးကာလမှာ အာရှတိုက်က အကောင်းဆုံး၊ အကြီးအကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခု ဖြစ်တဲ့အကြောင်း၊ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်တွေနဲ့ အသွေးအရောင်စုံတွေ လွင့်ပြယ်ခဲ့ရတဲ့ အကြောင်းတွေကို ပေးစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်အတန်းတွေ ပြန်သင်ကြားဖို့၊ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေက စပြီး ကျောင်းသူ ကျောင်းသားတွေ ကင်းမဲ့သွားတဲ့ အဆောင်တွေမှာ အဆောင်သူ အဆောင်သားတွေ ပြန်ထားဖို့ ကိုလည်း ရေးထားပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် အဲဒီလို အဆိုပြုထားတဲ့အပြင် တက္ကသိုလ်ရဲ့သမိုင်း၊ လက်ရှိတက္ကသိုလ်ရဲ့ အခြေအနေတွေကို ပြောဆိုရေးသား တင်ပြပေးဖို့နဲ့ ရန်ကုန်တက္ကသိုလ်ကို အရင်က ဂုဏ်သိက္ခာမျိုး ပြန်ရရှိဖို့ လုပ်ငန်းစီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး အကြံပြုကြဖို့လည်း တင်ပြထားပါတယ်။
ဒီလို အရင်က ဂုဏ်သိက္ခာ အတိုင်း ပြန်တည်ဆောက်ဖို့ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကိုလည်း ဦးမြင့်ရဲ့ ပေးစာမှာ ရေးသားထားပါတယ်။