ရဝမ်ရိုးရာ မနောပွဲတော် စတင်ကျင်းပ
2016.04.19
ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်မှာ ၅ ရက်ကြာကျင်းပမယ့် "ဒဘူအဇီးခေါင်" လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ရဝမ်တိုင်းရင်းသားရိုးရာ မနောပွဲတော်ကို ဒီနေ့ စတင် ကျင်းပပါတယ်။
တစ်နိုင်ငံလုံးက ရဝမ်လူမျိုးတွေရဲ့ စည်းလုံးညီညွှတ်မှုကိုပြတဲ့ ရိုးရာမနောပွဲတော် ဖြစ်တယ်လို့ ပွဲတော်ကို တက်ရောက်နေတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရမ်နန်းဖုန်က ပြောပါတယ်။
"ပွဲတော်ရဲ့နာမည်ကတော့ ဒဘူအဇီးခေါင်လို့ ခေါ်တယ်၊ ဝမ်းမြောက်ဝမ်းသာခြင်းနဲ့ အကပွဲလို့ အဓိပ္ပါယ် ရပါတယ်၊ ရဝမ်လူမျိုးတို့ရဲ့စည်းလုံးညီညွတ်ခြင်းရဲ့အားမာန်ကိုပြတဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်၊ ရဝမ်လူမျိုးတွေရဲ့ရိုးရာမနောပွဲလို့ ခေါ်ပါတယ်၊ ဒီမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဝမ်တွေစုစည်းပြီးမှ လုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် ထူးခြားဆုံး၊ အကြီးကျယ်ဆုံးလို့လဲ ပြောလို့ရပါတယ်"
ပွဲတော်ကျင်းပတဲ့ ရဝမ်ရိုးရာ မနောကွင်းမှာ ဒီနေ့မနက်က ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး မနက်ဖြန်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က ပွဲတော်ကို တက်ရောက်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ရဝမ်တိုင်းရင်းသားရိုးရာ မနောပွဲတော်ကို လာမယ့် ဧပြီလ ၂၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီ ရိုးရာမနောပွဲတော်ကို မြစ်ကြီးနား၊ တနိုင်း၊ ဝိုင်းမော်၊ ပူတာအို စတဲ့မြို့နယ်တွေနဲ့ မြန်မာနိုင်ငံအနံ့ှမှာ နေထိုင် တဲ့ ရဝမ်တိုင်းရင်းသားတွေ တက်ရောက်ကြပါတယ်။
ကချင်မျိုးနွယ်စု ၆ ခုထဲမှာပါတဲ့ ရဝမ် တိုင်းရင်းသားတွေဟာ မချမ်းဘော၊ ခေါင်လန်ဖူး စတဲ့ ပူတာအိုခရိုင်အတွင်းမှာ အများဆုံးနေထိုင်ကြပြီး အခုလို "ဒဘူအဇီးခေါင်" ရိုးရာမနောပွဲကို လွန်ခဲ့တဲ့၂၀၀၀ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့ ပါတယ်။