မြစ်ဆုံစီမံကိန်းကို ရိုမန်ကက်သလစ်ခေါင်းဆောင်တွေ ကန့်ကွက်
2019.02.14
ကချင်ပြည်နယ်မှာ တရုတ်က တည်ဆောက်မယ့် ဧရာဝတီ မြစ်ဆုံရေလှောင်တမံ ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းအပေါ် တနိုင်ငံလုံးက ကန့်ကွက်နေကြရာမှာ ရိုမန်ကက်သလစ် ခရစ်ယာန် ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့လာကြပါတယ်။
ကက်သလစ် ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ ပါဝင်ခဲ့ကြတာပါ။
ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ် မောင်ဘို က ဒီ ဧရာဝတီ မြစ်ဆုံရေလှောင်တမံ စီမံကိန်းဟာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြီးဖြစ်ပြီး၊ မတည်မငြိမ်ဖြစ်နေတဲ့ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ အလား အလာကောင်းတွေကို ထိခိုက်ပျက်စီးသွားစေလိမ့်မယ်၊ ဒီစီမံကိန်းဟာ မြန်မာပြည်သူအားလုံးအတွက်လည်း သေဒဏ်အမိန့်ပဲဖြစ်တယ်၊ ဧရာဝတီဟာ ရောင်းကုန်ပစ္စည်းမဟုတ်၊ နိုင်ငံရဲ့ အမြင့်မြတ်ဆုံးသော သင်္ကေတဖြစ် တယ်၊ အနာဂတ်ငြိမ်းချမ်းရေးအတွက် မြစ်ဆုံဆည်စီမံကိန်းကို ရပ်ပစ်ရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကာဒီနယ် ချားလ်စ် မောင်ဘိုရဲ့ ကြေညာချက်ဟာ အလွန်တရာ ‘အား’ ပါတဲ့ ကြေညာချက်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်းအဖွဲ့ အတွင်းရေးမှူးချုပ် ဒက်ဘီ စတော့ဟတ် က ပြောပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ကတော့ - မူလစီမံကိန်းမှာ ဒေသခံတွေအရေးနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို ထည့်တွက်မထားခဲ့ကြောင်း၊ မြစ်ဆုံစီမံကိန်းကို အရွယ်အစား လျှော့မလား၊ ငလျင်ကြောပေါ်မှာရှိနေတာကြောင့် နေရာရွှေ့ပြောင်းမလား စဉ်းစားရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။