ရိုက်တာသတင်းထောက် ၂ ဦး လွတ်မြောက်ရေး မုံရွာမှာ ဆုတောင်းပွဲကျင်းပ
2018.09.09

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးလွတ်မြောက်ရေးအတွက် မုံရွာမြို့ခံ သတင်း သမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ စုပေါင်း ၃၀ လောက်ဟာ မုံရွာမြို့ ရွှေစည်းဂုံ စေတီတော်မှာ ဆုတောင်းခဲ့ကြပါတယ်။
လွတ်လပ်စွာ သတင်းရယူရေးသားပိုင်ခွင့် ရရှိရေးအတွက်ရည်ရွယ်ပြီး ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပတာဖြစ်ကြောင်း မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုအောင်ကိုလတ်က ပြောပါတယ်။
"သတင်းလွတ်လပ်ခွင့်အပေါ် ဦးတည်ပြီးတော့ ကိုဝလုံးတို့ အမြန်ဆုံးလွတ်မြောက်ရေး၊နောက်တစ်ခုက တစ်ပြည်လုံးမှာရှိတဲ့ ဖမ်းဆီးထိန်းသိမ်းခံ၊တရားစွဲဆိုခံထားရတဲ့ သတင်းသမားတွေနဲ့ပတ်သတ်ပြီးတော့ အမြန်ဆုံးလွတ်မြောက်ရေး အဲဒါတွေ ရည်ရွယ်လုပ်တာပါ၊ အဓိကကတော့ သတင်းလွတ်လပ်ခွင့်ပေါ့"
ရိုက်တာ သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အင်းဒင်ကျေးရွာသတင်း ရေးသားဖော်ထုတ် ခဲ့မှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ထောင်ချခံထားရတဲ့ သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့ အခြေစိုက် သတင်းသမားတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဆုတောင်းပွဲတွေကျင်းပခဲ့ကြပါတယ်။
ရိုက်တာသတင်းထောက် ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး အမှုတွဲကို နိုင်ငံတော် သမ္မတရုံးက တောင်းခံထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။