ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးဖို့ သတင်းထောက်တွေ မော်လမြိုင်မြို့မှာ ဆန္ဒပြ
2018.09.07

ရိုက်တာသတင်းထောက် နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သတင်းထောက်တွေ နဲ့ အရပ်ဘက်အဖွဲ့ဝင်တွေ ဒီနေ့ မော်လမြိုင်မြို့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို နိုင်ငံတော်လျှို့ဝှက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာဟာ သတင်းမီဒီယာ သမားတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြခဲ့တဲ့ ကိုမျိုးအောင် ကပြောပါတယ်။
"ကိုဝလုံးတို့ကို နိုင်ငံတော်လျို့ဝှက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တာဟာ ကျနော်တို့ သတင်းမီဒီယာသမား အားလုံးကို ခြိမ်းခြောက်တာနဲ့ အတူတူပါပဲ၊ နောက်ပြီးတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ တရားစီရင်ရေးကိစ္စ တခုလုံးမှာ လွတ်လပ်မှု တရားမျှတမှု ကင်းမဲ့နေပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်ချဲလှယ်ထားသလို ဖြစ်နေတဲ့အတွက် တရားရေးဆုံးဖြတ်ချက်ကိုကြည့်ရင် သိနိုင်တာပေါနော်၊ ဆန္ဒပြတာက သတင်းလွတ်လပ်ခွင့် အတွက်ရယ် သူတို့လွတ်မြောက်ရေးရယ်ပေါ့"
မော်လမြိုင်မြို့ကမ်းနားလမ်းကနေ ကျိုက်သုတ်ဘုရားအထိ လူဦးရေ ၇၀ ကျော်နဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံ သတင်းသမားတွေကို အမြန်ပြန်လွှတ်ပေးရေး၊ သတင်းမီဒီယာဖိနှိပ်မှု ချက်ချင်းရပ်တန့်ရေး၊ လွတ်လပ်စွာ သတင်းအချက်အလက်ရရှိရေး စတဲ့ ဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် သတင်းထောက် ၂ ဦး လွှတ်မြောက်ရေးအတွက် ကျိုက်သုတ်ဘုရားမှာ ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့တွေမှာ ရိုက်တာသတင်းထောက် နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာ၊ ဆုတောင်းတာတွေပြုလုပ်ခဲ့ပါတယ်။
ရိုက်တာသတင်းထောက် ၂ယောက်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့အစည်း အပါအဝင် နိုင်ငံတကာက သံတမန်တွေနဲ့ အဖွဲ့စည်းတွေကလည်း အမှုကို ပြန်လည်သုံးသပ်ဖို့နဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။