ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ သတင်းထောက်တွေ တောင်းဆို


2018.10.08
request-to-free-reuters-reporters-622 ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ကျော်က သတင်းထောက် ၄၅၀ နီးပါး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ IJA18 မှာ တောင်းဆိုကြစဉ်
.

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ကျော်က သတင်းထောက် ၄၅၀ နီးပါးဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့ စုံစမ်းထောက်လှမ်းဖော်ထုတ် သတင်းစာဆရာများညီလာခံ (IJA18) မှာ တောင်းဆိုလိုက်ပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး နှစ်ယောက်ပုံမှာ Journalism is not crime ဆိုတဲ့ စာတမ်းပါတဲ့ ပိုစတာတွေ ပန်းဖလက်တွေ ဗီနိုင်းတွေ ရင်ထိုးတွေကို အဲဒီပွဲမှာ ကိုင်ဆောင်ပြီး တောင်းဆိုကြတာဖြစ်ပါတယ်။

Investigative Journalism Asia Conference ဆိုတာဟာ ကမ္ဘာ့နိုင်ငံအသီးသီးက စုံစမ်းထောက်လှမ်းဖော်ထုတ်တဲ့ သတင်းစာသမားတွေ တက်ရောက်ပြီး ဆွေနွေးကြတဲ့ပွဲဖြစ်ပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို လွှတ်ပေးဖို့ IJA2018 ကနေလည်း ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတကာ အစိုးရတွေ၊ အာဏာပိုင်တွေက သတင်းသမားတွေကို ကာကွယ်ပေးဖို့၊ ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့နဲ့ သတင်းသမားတွေကို တိုက်ခိုက်သူတွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

အလားတူ အများပြည်သူအကျိုးစီးပွားအတွက် နမူနာယူထိုက်သူတွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မတရားတဲ့ ဥပဒေတွေနဲ့ဖမ်းဆီးထားတာကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စုံစမ်းထောက်လှမ်းသတင်းပညာဆိုတာဟာ အကျင့်ပျက်ခြစားမှုတွေ၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေ၊ အာဏာ အလွဲသုံးစားလုပ်မှုတွေကို ဖော်ထုတ်ရေးသားတာဖြစ်သလို အာဏာပိုင်အစိုးရတွေရဲ့ တာဝန်ခံမှု တာဝန်ယူမှု မရှိတာတွေကို ထိန်းကျောင်းဖို့နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုအဖွဲ့အစည်း အားကောင်းလာဖို့၊ ဒီမိုကရေစီ ထွန်းကားစေဖို့ ထောက်ပံ့တဲ့ သတင်းပညာဖြစ်ကြောင်း ပါရှိပါတယ်။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ဟာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရတာပါ။

အခုဆိုရင် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ဟာ အကျဉ်းထောင်ထဲမှာ နေရတာ ရက်ပေါင်း ၃၀၀ကျော် ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။