ဒုရဲမှူး မိုးရန်နိုင်အမှု အမှန်ပေါ်ပေါက်ရေး ကူညီပေးဖို့ မိသားစုဝင်တွေ ပန်ကြား


2018.04.22
moeyannaing-wife-622.jpg တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီး ဒေါ်တူးကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် အမှုကို အမှန်တရား ပေါ်ပေါက်ရေးအတွက် ကူညီပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတတို့ထံ မိသားစုဝင်တွေက ဒီနေ့ တိုက်တွန်းပန်ကြားလိုက်ပါတယ်။

အခုလ ၂၀ ရက်နေ့က  ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်တရားရုံးမှာ ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက် တွေကို မယုံကြည်ရတဲ့သက်သေအနေနဲ့ ပယ်ဖျက်မှာကိုစိုးရိမ်နေပြီး အမှန်တရား ပေါ်ပေါက်အောင် ကူညီပေးစေ လိုတယ်လို့ ဒီနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇနီးဖြစ်သူ ဒေါ်တူး က ပြောခဲ့တာ ဖြစ်ပါတယ်။

"အခု ကျမ ယောကျ်ားက တရားသူကြီးဆီမှာ ထွက်ဆိုထားတဲ့ဟာကို မယုံကြည်ရတဲ့ သက်သေတွေဆိုပြီး သူတို့တွေ ပယ်ဖျက်ဖို့ ကြိုးစားနေကြတယ်ပေါ့နော်။ အဲ့ဒါကို အမှန်တရားကို ဖော်ထုတ်ပေးကြပါလို့ သတင်း ထောက်တွေရော၊ နိုင်ငံတော် သမ္မတကြီးကိုရော နိုင်ငံတော်အတိုင်ပင်ခံ အန်တီစုကိုရော ဒီကနေ ပြောချင် ပါတယ်။ အကူအညီတွေ ဝိုင်းဝန်းကူညီပေးကြပါ။ ကျမတို့မှာ အကူအညီတွေမဲ့နေပါတယ်။ ကျမတို့မှာ သက်သက်မဲ့ကို ထောင်ချောက်ဆင် ထိုးနှက်ခံထားရတာပါလို့"

မိသားစုဝင်တွေအနေနဲ့ နေ့စဉ်သွားလာလှုပ်ရှားဆောင်ရွက်မှုတွေမှာ အန္တရာယ်တွေရှိလာမှာကိုလည်း စိုးရိမ်ကြောင်း နဲ့ ခင်ပွန်းဖြစ်သူအပါအဝင် မိသားစုကို နိုင်ငံတော်တာဝန်ရှိသူတွေက စောင့်ရှောက်ပေးစေလိုတယ်လို့ ပြောပါတယ်။

ငွေကြေးနဲ့ ပတ်သက်ပြီး ကူညီဖို့ ဆက်သွယ်လာသူတွေကို ကျေးဇူးတင်ပေမယ့် လက်ရှိအချိန်အထိ လက်ခံ တာမရှိကြောင်းနဲ့ ဒေါ်လာရလို့ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့လည်း ဇနီးဖြစ်သူ ဒေါ်တူးက ပြောပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ထွက်ဆိုချက်တွေကို ယုံကြည်ကြောင်းနဲ့ သူရဲ့ ထွက်ဆိုချက်တွေအပေါ် ဂုဏ်ယူသလို အခုလို စွပ်စွဲခံရမှုမှာ ခင်ပွန်းဖြစ်သူ ကျူးလွန်မှုရှိ၊ မရှိဆိုတာ ရဲမှူးချုပ် တင်ကိုကို အသိဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင် ဟာ ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အင်တာဗျူးဖြေဆိုခဲ့တယ် ဆိုပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ) နဲ့ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။